အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ဟုမ္မလင်းမြို့နယ် သက်ကယ်တောင်ရွာ အလယ်တန်းကျောင်းအုပ် ဦးအောင်ဆန်းဝင်းအား ရှမ်းနီတပ်ဖွဲ့(SNA) အရာရှိလင်းကျော် ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်သည်။
ဟုမ္မလင်းမြို့နယ် ဟဲဖက်ရွာ၌ နေထိုင်သည့် ဦးအောင်ဆန်းဝင်းကို SNA တပ်ဖွဲ့က ဇူလိုင် ၁၆ရက် ညပိုင်းတွင် လာရောက်ဖမ်းဆီးကာ နေအိမ်နှင့် မလှမ်းမကမ်းရှိ ချောင်းကြီးချောင်းဘေး သရက်ပင်အောက်၌ ပစ်ခတ်သတ်ဖြတ် သွားခြင်းဖြစ်သည်ဟု ဆိုသည်။ အလောင်းကိုမူ ယနေ့အထိရှာ၍ မတွေ့သေး ကြောင်း ဖော်ပြထားသည်။
ဆရာဦးအောင်ဆန်းဝင်းအား ဖမ်းဆီးရခြင်းမှာ ပုဂ္ဂိုလ်ရေးမကျေနပ်သူတစ်ဦးက လိမ်လည် တိုင်ကြား၍ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဆရာဦးအောင်ဆန်းဝင်း တွင် အမျိုးသမီးနှင့် သားသမီးသုံးဦး ကျန်ရှိနေကြောင်း ဟုမ္မလင်း(ပအဖ)က ထုတ်ပြန်သည်။
ဆရာဦးအောင်ဆန်းဝင်းအား ဖမ်းဆီးသတ်ဖြတ်သည့် SNA အရာရှိ လင်းကျော် သည် လက်ပံသာရွာ စာသင်ကျောင်းရှေ့ရှိ SNA အဝင်အထွက်ဂိတ်၌ တာဝန်ကျသူဖြစ်ပြီး ဖြတ်သန်းသွားလာသည့် ပြည်သူများအား ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းစသည့် လက်နက်အားကိုး၍ ရမ်းကားသည့် အဓမ္မ လုပ်ရပ်များ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပအဖထံတိုင်ကြားမှု ရှိကြောင်း၊ ထို့ပြင် ဖောင်းပြင်ဒေသခံ လူငယ်တစ်ဦးအား ဖုန်းနှစ်လုံးတွေ့၍ PDFဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ SNA အရာရှိအား အရေးယူ အပြစ်ပေးခြင်းမရှိဘဲ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားသော ကြောင့် CDM ကျောင်းအုပ်ဆရာကိုပါ လူသားမဆန်စွာ မတရားသတ်ဖြတ်သည့် လုပ်ရပ် လုပ်ဆောင်ခဲ့သည်ဟု သုံးသပ်နိုင်ကြောင်း၊ ထို့အပြင် SNA၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းမှလည်း ၎င်းတို့၏ တပ်သားများအား ထိန်းသိမ်းရမည့်အစား သတင်းမီဒီယာများတွင် မိမိ၏ တပ်သားများအား ကာကွယ်ပြောဆိုပေးခြင်း၊ SNA၏ ဗဟိုကော်မတီမှလည်း လူထု၏ ဝေဖန်ချက်ကို သေချာစွာ စုံစမ်းစစ်ဆေးခြင်း မပြုဘဲ ဝေဖန်သူများအားလုံးကို ရှမ်းနီလူမျိုး သစ္စာဖောက်၊ သွေးခွဲသပ်လျှိုသူများ အဖြစ် ပြန်လည်စွပ်စွဲခြင်းစသည့် လုပ်ရပ်များကြောင့် “ရှမ်းနီလူထုကို အနိုင်ကျင့်ချင်သလိုကျင့်၊ သတင်းဖုံးဖိပေးမည်”ဟု သွယ်ဝိုက်၍ ညွှန်ကြားသကဲ့သို့ ဖြစ်နေကြောင်း ဟုမ္မလင်း(ပအဖ)က ထုတ်ပြန်သည်။
ယခုကဲ့သို့ ဆက်သွယ်ရေး အားကောင်းသည့်ကာလတွင် လိမ်ညာပြီး ပြန်လည်စွပ်စွဲသည့် ဗျူဟာသည် အလုပ်မဖြစ်ကြောင်း ဟုမ္မလင်း(ပအဖ)က အသိပေးပြီး SNA တပ်သားများ၏ အဓမ္မ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ၊ SNA ဗဟိုကော်မတီ၏ တာဝန်မဲ့စွာ သတင်းဖုံးဖိပေးခြင်းတို့အား ရှုတ်ချကြောင်း ဖော်ပြထားသည်။
SNA တပ်သည် အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူးတွဲစစ်ရေး လှုပ်ရှားနေပြီး စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများတွင်ဗြောင်ကျကျ ပါဝင်လာသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
