စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ခုနစ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ခတ်မှုပြုလုပ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇူလိုင်လ၁၈ရက်နေ့) နံနက် ၁၀နာရီခန့်က ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ သာဝတ္ထိကျေးရွာ၊ မုံလှရွာ၊ ပင်စိမ်းခင်းရွာ၊ ကျောက်တိုင်ရွာ၊ ကျည်စုရွာ၊ ငါးယုံကြီးရွာ၊ ရှားတော ကျေးရွာများအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့( ဇူလိုင် ၁၇ရက်)က ရေဦးမြို့မှ မြေပြင်စစ်အင်အား ၁၀၀ကျော်ဖြင့် သာဝတ္ထိရွာတောင်ပိုင်းကို စတင်ဝင်ရောက်လာခဲ့ကြောင်း၊ ယမန်နေ့ နံနက်ပိုင်းကလည်း ကျေးရွာ၏မြောက်ဘက်ကို လက်နတ်ကြီးများဖြင့် ၁၀လုံးထက်မနည်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ရဟတ်ယာဥ်သုံးစီးနဲ့ ရောက်လာပြီး ပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ချိန် နာရီဝက်ကျော်ကြာခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ ယာတောများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လယ်လုပ်၊ယာလုပ်သူများ ပြေးလွှားနေကြရကြောင်း ဒေသခံများက ပြောသည်။
“လက်ရှိအချိန်အထိ ငါးစီးဝဲနေတုန်း။ သုံးစီးက ဒီပဲယင်းညောင်လှဘက်က ွေးတွေ သယ်ပြီး လာချပေးနေတာ။ ၂စီးကMi-35တွေက ပစ်ခတ်တာတွေပြုလုပ်နေတယ်။”ဟု ကနီသားများ၏ ရင်တွင်းအသံက အသိပေးသည်။
ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။
