ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်၎င်း၏ ဇနီး ပစ်ခတ် ရှင်းလင်းမှုမှာ “နန်းထိုက်အောင်”စစ်ဆင်ရေးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိ သူက People’s Spring သို့ ပြောကြားသည်။
” လှိုင်က ဗိုလ်ကြီးလင်မယားကို ရှင်းတဲ့ကိစ္စက ဟိုနေ့က ပြောသလိုပဲ ကိုင်းကြီးကြီးတွေ ဖြတ်ဖို့လုပ်ပြီးဆိုတဲ့ အကျိုးဆက်ပဲပေါ့နော်။ နန်းထိုက်အောင် အဖွဲ့က ဆောင်ရွက်တာပါ”ဟု ၎င်းကပြောသည်။
ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်က လှိုင်မြို့နယ် ပိတောက်ချောင်း၊ (၂) ရပ်ကွက်၊ ဘုရင့်နောင် (၉) လမ်း၌ ပစ်သတ်ခံရခြင်း ဖြစ်သည်။
“သူတို့နေတာက ဘုရင့်နောင် (၄)လမ်းထဲမှာလို့ပြောတယ်။ ကားနဲ့ထွက်လာတဲ့ အချိန် ဘုရင့်နောင် (၉)လမ်းထဲမှာ ပစ်သတ်ခံရတာ”ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။
၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင်စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။
