ဘောလခဲမြို့နယ်အခြေစိုက် ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးတပ်စုမှ တပ်ကြပ်ကြီးနှစ်ဦး CDM ပြုလုပ် ၍ ဝင်ရောက်ခိုလှုံလာကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။
ကျည်ဆံ ၃၀၀ကျော်အပါအဝင် လက်ပစ်ဗုံး ခြောက်လုံးနှင့်အတူ ပြည်သူနှင့်အတူပူးပေါင်းလာသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ တပ်ကြပ်ကြီး အဆင့်ရှိသူများဖြစ်ကြောင်း ဖော်ပြသည်။
တပ်ကြပ်ကြီးကိုဝင်းထွန်း ကိုယ်ပိုင်အမှတ် (လ/၁၅၈၇၃၂) နှင့် နယ်ထိန်းတပ်ကြပ်ကြီး ကိုမျိုးဆွေးဦး (လ/၁၈၆၆၄၈) တို့သည် ယခုလ ၃ရက်က ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(BPDF)ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။

(၇ ဒသမ ၆၂) မမ ကျည် ၃၂၁ တောင့် ၊လက်ပစ်ဗုံး ၆ လုံးနှင့် ဆက်သွယ်ရေး စကားပြောစက် ၂လုံးပါရှိလာကာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း အသိပေးသည်။
စစ်ကောင်စီဖက်မှ CDM ပြုလုပ်လာမည့် စစ်သားနှင့် ရဲများကို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
လက်ရှိ အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာကာ ကရင်နီပြည်သူ့တပ်ဖွဲ့မျာထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲ ၁၀၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
