စစ်ကောင်စီဟာ အမှားတွေကို ထပ်ခါတလဲလဲ ကျုးလွန်နေပြီး လမ်းဆုံးကို တိုးဝင်နေတဲ့အနေအထားဖြစ်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီရဲ့အခြေအနေကို ပြောပါတယ်။
“ဒီနေ့ ဒီကာလမှာ စစ်ကောင်စီဟာ အမှားကို အမှားနဲ့ ပြန်ပြီးတော့ ထပ်ခါ ထပ်ခါ လုပ်နေတာတွေ့ရတယ်” လို့ပဒိုစောတောနီးကဆိုပါတယ်။
လက်ရှိအချိန်မှာ KNU ထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့တပ်တွေ နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
KNU တပ်မဟာ အလိုက် နယ်မြေတွေမှာ နေ့စဉ်နီးပါး ထိတွေ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ KNU ရဲ့ုထုတ်ပြန်ချက်တွေအရသိရပါတယ်။
လတ်တလောမှာ ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊လေကြောင်းကနေ တိုက်ခိုက်မှု တွေကြောင့် ဒေသခံအရပ်သား ထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ၁၅ ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရတယ်လို့ KNU ကဆိုထားပါတယ်။
ဒါအပြင် KNU တပ်မဟာ ၁ ၊ တပ်မဟာ ၆ နယ်မြေတွေထဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် အရပ်သား ၆ ဦးခန့်သေဆုံးခဲ့ရကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
ဒီလိုအရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ စစ်ကောင်စီတပ်ရဲ့လုပ်နေကျ အလုပ်လိုဖြစ်နေကာ ဒီနောက်ပိုင်းမှာတော့ ပြည်သူတွေကို ပစ်မှတ်ထားတာဟာပိုမိုပြင်းထန်လာတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောပါတယ်။
“လူမဆန်စွာကနေပြီးတော့ ဘယ်လောက်အထိမိုက်ရိုင်းပြီး ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့မရတဲ့ အနေအထား က ပိုပြီးတော့ ပြင်းထန်များလာတယ်ဆိုတာ ပြောလို့ရတယ်” လို့ပဒိုစောတောနီးက ဆိုပါတယ်။
