▪︎မြ၀တီ -ဝေါ်လေလမ်း တိုက်ပွဲမှ လက်နက်ကြီး ကျည်မျိုးစုံ ၁၆၀ ကျော်၊ လက်နက်ငယ်ကျည် တစ်သောင်းကျော် နှင့် စစ်သုံးပစ္စည်းများစွာရရှိထား
မြ၀တီ-ဝေါ်လေလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်ထိခိုက်သေဆုံးများပြီး တပ်ပျက်ကာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ခဲ့ရာ လက်နက်ကြီး လက်နက်ငယ် ကျည်များထပ်မံ သိမ်းဆည်းရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မြ၀တီ – ဝေါ်လေလမ်းတွင် ဇူလိုင် ၁၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်များခဲ့သည်ဟုဆိုသည်။
အဆိုပါ စစ်ကြောင်းကို ကော်ဘရာ စစ်ကြောင်းက ဇူလိုင် ၁၃ရက်တွင် ထပ်မံ စောင့်ကြို တိုက်ခိုက်သကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် စစ်ကြောင်း ထွက်ပြေးရာနောက်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လက်နက်ငယ် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၁၆ရက်)တွင်လည်း ထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ခဲ့ရာ ဆက်သွယ်ရေးစက် အကြီး (၁) လုံး ၊ ဆက်သွယ်ရေးစက် အသေး (၁) လုံး၊ ၅.၅၆ကျည် (၄၀၀)ခန့်၊ စက်လက်ကျည် (၁၀၀)ခန့် ၊ RPGဗုံးသီး (၁)လုံး၊ RPG ယမ်းတောင့် (၁) တောင့်၊ ၆၀မမ ဗုံးသီး (၃) လုံး၊ ၄၀မမ (၁၅) လုံး၊ အီနာကာ (၃)လုံး အပါအဝင် စစ်သုံးပစ်စ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ယခင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ အပါအဝင် ဇူလိုင် ၁၂ရက် တိုက်ပွဲဖြစ်ပွားသည့်နေ့မှ ဇူလိုင် ၁၆ရက်အထိ မြ၀တီ -ဝေါ်လေလမ်း တိုက်ပွဲ နယ်မြေအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး ကျည်မျိုးစုံ ၁၆၀ကျော်၊ လက်နက်ငယ်ကျည် ၁၂၀၀၀ ကျော် ရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
