ကလေးမြို့နယ်တောင်ပိုင်းတွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးများ ယနေ့ (ဇူလိုင် ၁၂ရက်)နေ့လယ်ကတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။
ယမန်နေ့(ဇူလိုင် ၁၁ရက်)ကတည်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ညပိုင်းတွင် ရပ်နားခဲ့ပြီးနောက် ယနေ့ ထပ်မံဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီပစ်သည့် သေနတ်ကျည်ကြောင့်ဒေသခံအရပ်သားတစ်ဦးဒဏ်ရာရသွားသည်။
ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် အပြင်းအထန်ဖြစ်နေပြီးဒေသခံများနေအိမ်ပြင်ပသို့မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကသတိပေးသည်။
ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။
ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးသော်လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှတစ်ဦး ဒဏ်ရာရခဲ့သည်။
