ချင်းပြည်နယ် မတူပီ မြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၄ဦး သေဆုံးပြီး ၂ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင် ၁၁ရက် နံနက် ၁၀နာရီခန့်တွင် မတူပီ မြို့နယ် စောင်ထီးယားရွာနှင့် လုံတုမ်းကျေးရွာကြား ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအတွင်း CDF ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း အသိပေးထားသည်။
မတူပီ နယ်တွင်ဇူလိုင် ၆ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ၆ရက်အတွင်း တိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်ထားသည်။

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တစ်ပတ်ခန့်တွင်းမတူပီ မြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၁ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။
ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး – ဖလမ်း ကြားတွင်လည်း စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟုချင်းဒေသခံတစ်ဦးက ပြောကြားထားသည်။
