မြေနီကုန်းတံတားအောက် ဗုံးပေါက်ကွဲနေချိန်တွင်လမ်းဆုံဘန်ကာအတွင်းရှိနေသည့် စစ်ကောင်စီတပ်သားများမှာ အေးအေးလူလူဟန်မပျက်ကြည့်နေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူက ပြောကြားသည်။
ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်း လမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာဘက်အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ၎င်းမျက်မြင်တွေ့ရှိသူများကပြောသည်။
“အုန်း အုန်းဆိုပြီး အသံနှစ်သံကြားရတယ်ဗျ။ ကျွန်တော်တို့ကားလည်း အဲနားအရောက်၊ လမ်းကလည်း ကြပ်တယ်လေ။ ရောက်ယုံရှိသေးအုန်းတာပဲ”ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားချိန် လမ်းဆုံ(လမ်းလယ်)ဘန်ကာအတွင်းရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းမှာ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ လှမ်းကြည့်ယုံသာကြည့်နေပြီး ပုံမှန်အနေအထားဖြင့်တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့(စစ်ကောင်စီတပ်သားများ)က ဘန်ကာထဲမှာ။ နှစ်ယောက်တော့မြင်တယ်။ သူတို့က (လမ်း)အလယ်မှာ။ ပေါက်ကွဲတဲ့နေရာနဲ့ လမ်းရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းသဘောမျိုးပေါ့။ လမ်းတစ်လမ်းစာလောက်ဝေးတယ်”ဟုအ ထက်ပါမျက်မြင်တွေ့ရှိသူက ရှင်းပြသည်။
အထက်ပါပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလဲကျသွားသည်ကိုတွေ့ရပြီး အခြားဒဏ်ရာရသူရှိ၊မရှိ မသိရကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်အောင် ဗုံးပေါက်ကွဲမှု လုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။
ယနေ့ မွန်းလွှဲပိုင်းက တာမွေမြို့နယ်တွင်လည်း မြို့ပြ UG အဖွဲ့က စစ်ကောင်စီယာဥ်အား ဖောက်ခွဲတိုက်ခိုက်ရန် ထိုယာဥ်များရပ်လေ့ရှိသောနေရာတွင်ဗုံးထောင်၍တိုက်ခိုက်ရန်စီစဥ်ခဲ့သော်လည်း ပြည်သူများကတွေ့ပြီးဗုံးကို ဝိုင်းအုံကြည့်ရှုနေသဖြင့် ပြည်သူများထိခိုက်မည်စိုးရိမ်၍ ဖောက်ခွဲမှုအစီအစဥ်ကို ဖျက်သိမ်းခဲ့ကြောင်း ကြေညာခဲ့သည်။
