ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးကြောင်း ပူးပေါင်းဆင်စစ်ရေးတွင်ပါဝင်သည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ရိုးမ)၊ ပဲခူးတိုင်းတပ်ရင်း ၃၇၀၂ မှ ယနေ့(ဇူလိုင် ၁၁ ရက်)ထုတ်ပြန်သည်။
ယနေ့နံနက် ၃ နာရီခန့်တွင် ကျောက်ကြီးနယ်၊ အင်းနက်ရွားသို့ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်လာပြီးနံနက် ၈ နာရီခန့်တွင် KNLA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၁၀ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သဖြင့်ကျောက်ကြီးဆေးရုံသို့ပို့ကြောင်း
ထုတ်ပြန်ချက်က ဆိုသည်။
“(တိုက်ပွဲက)အခုထိတော့ငြိမ်နေတယ်။ခွေးတွေ(အကျအဆုံးများလို့) စိတ်တအားဆိုးနေတယ်”ဟု PDF တပ်ရင်း ၃၇၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးစစ် သားများ ၁၀ ဦးကို အင်းနက်ရွာတွင် ထားခဲ့ပြီး ယနေ့နေ့လယ်ပိုင်းလောက်အထိ နတ်သံကွင်းနှင့် ကျောက်ကြီးကြားမှနေ၍ အင်းနက်ရွာဘက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပစ်ခတ်မှုမရှိတော့ဘဲ ငြိမ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာအခြေအနေစောင့်ကြည့်လျှက်အသင့်ပြင်ထားကြောင်း သိရသည်။
ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။
