ချင်းပြည်နယ် ဖလမ်း-ဟားခါးလမ်းပိုင်းရှိ ရမ်ထလိုရွာအနီးတွင် ဇူလိုင် ၁၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု The Chin Journal က ဖော်ပြသည်။
ကျဆုံးခဲ့သည့် ရဲဘော်မှာ မတူပီ CDFမှ ရဲဘော်ဆလိုင်းအာလောင် ဖြစ်ပြီး ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်မှအခြား ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ ဟားခါး – ဖလမ်း ကြား တွင် ဇူလိုင် ၈ရက်မှစ၍ ယနေ့ အထိ တိုက်ပွဲ ၆ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်။ ဇူလိုင် ၈ရက် တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦးသေဆုံးခဲ့ပြီး ဇူလိုင် ၁၀ရက် တိုက်ပွဲတွင် လေးဦး သေဆုံးခဲ့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။
ယနေ့ တိုက်ပွဲအပါအဝင် ၄ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။
စစ်ကောင်စီတပ်သည် ဟားခါးဖက်သို့ ရှေ့ဆက်မတိုးနိုင်ဘဲ ယနေ့ညနေပိုင်းတွင် ရမ်ထလိုကျေးရွာသို့ ပြန်လှည့်ကြကာ ဘုရားကျောင်းတွင် စခန်းချညအိပ်ကြကြောင်း ဒေသခံတွေထံမှ သိရသည်ဟုလည်း The Chin Journalက ဖော်ပြထားသည်။
