တမူးမြို့ခံများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။
အသေးစိတ်ဖော်ပြမထားဘဲ တိကျရှင်းလင်းသည့် သတိပေးချက်ကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၄)က ထုတ်ပြန်ခြင်းဖြစ်သည်။
“တမူးမြို့ရှိပြည်သူများခင်ဗျာ… အပြင်သို့ မလိုအပ်ဘဲ မထွက်ကြဖို့ မေတ္တာရပ်ခံပါသည်”ဟု ဖော်ပြထားသည်။
တမူးမြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူလူထုထိခိုက်မည်စိုးရိမ်၍ ယခုကဲ့သို့ သတိပေး ထားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
တမူးမြို့တွင် ဇူလိုင် ၅ရက်က ဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံသားနှစ်ဦးအား ပျူစောထီးများက သတ်ဖြတ်သည့်အမှုအတွက် ဖိအားများနေသည့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်သားပြည်သူများအား အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်နေသည်။
