ကန်ဇွန်းမရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေဟုဆို
မကွေးတိုင်း ဆောမြို့နှင့် ဆိပ်ဖြူမြို့လမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ယနေ့ (ဇူလိုင် ၉ရက်)မှစ၍ အဆိုပါ လမ်းပိုင်းအား လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လောင်းရှည် PDFက ကြေညာသည်။
ဆော/ဆိပ်ဖြူ လမ်းပိုင်းအား ပြန်လည်သွားလာခွင့်ကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်းအသွားအလာမလုပ်ရန် လောင်းရှည် PDFက မေတ္တာရပ်ခံပန်ကြားထားပြီး ကြေညာချက်ကို ဂရုမပြုဘဲအသုံးပြုသွားလာကြပါက လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း သတိပေးသည်။

အလားတူ ဆော PDFကလည်း ဇူလိုင် ၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းအား မလိုအပ်ပဲသွားလာခြင်း မပြုဖို့ရန် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါ ဆော – ဆိပ်ဖြူလမ်းပိုင်း ကန်ဇွန်းမရွာနှင့် ဖလံမကျေးရွာကြားတွင် ဇူလိုင် ၇ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က မိုင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၁၅ဦးခန့် သေဆုံးပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဆိပ်ဖြူဘာမထီအဖွဲ့၊ချောက်(ပကဖ)အဖွဲ့ ၊PDF-SAW တပ်ရင်း (၁)၊ ခွပ်ဒေါင်းတပ်ခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
