စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။
ယခုအခါ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည် ပတ်လျက်ရှိကြောင်း ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ယနေ့မှစ၍ ၁၀ရက်အတွင်း မိမိတို့၏ ရာထူးတာဝန်နှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် န္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညွှန်ကြားလိုက်သည်။
အဆိုပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ပါက ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေးထားသည်။
