ကျဆုံးပြည်သူများ၏ မိသားစုဝင်များနှင့် တော်လှန်ရေးအင်အားစုများ ၅ဝဝကျော် တက်ရောက်
စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့သော တော်လှန်ပြည်သူ ၁၆ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယမန်နေ့ (ဇူလိုင် ၉) နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင် ၉ရက် နှင့် ၁၀ရက်တွင် စစ်ကောင်စီ၏ ကလေးအခြေစိုက် တပ်ရင်း (၂၂၈) ၊ တပ်မ (၄၄) ၊ တပ်မ ၉၉ သည် ကနီမြို့နယ်အတွင်း ရောက်ရှိလာပြီး ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်ကုန်းအနီးတွင် ဒေသခံပြည်သူ ၂၆ဦးကို ဖမ်းဆီးခဲ့သည်။

ထို့နောက် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံပြည်သူအမျိုးသား ၁၆ဦးကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများမှာ ကနီမြို့နယ် ယင်းရွာမှ (၁၃)ဦး ၊ ကုန်းသာရွာမှ (၁)ဦး ၊ ထောက်ကြံ့ကုန်းရွာမှ(၁)ဦး နှင့် ရေဦးမြို့နယ် ပလူဇဝရွာမှ (၁)ဦးတို့ ဖြစ်ကြသည်။

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။


ထို့နောက် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကနီနယ် ဇူလိုင် ၉ ရက်တွင် ကျဆုံးသွားသော နွေဦးသူရဲကောင်း ၁၆ဦးအား အလေးပြုခြင်း ၊ ကျဆုံးသွားသူများအား လွမ်းဆွတ်တမ်းတသောအားဖြင့် ၈ စက္ကန့်ငြိမ်သက်ခြင်း တို့ပြုလုပ်ခဲ့သည်။
ထို့အပြင် ယနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းတွင်လည်း ကြွေလွင့်သွားသူ ၁၆ဦးအား ရည်စူး၍ အမျှ ပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
