မန္တလေးမှာ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရှေ့နေ ၁၃ဦးခန့်ရှိနေတယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်လို့ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအများစုကို ပစ်မှတ်ထားဖမ်းဆီးနေတာပါ။
ဖမ်းဆီးခံထားရတဲ့ရှေ့နေ ၁၃ဦးခန့်ရှိလာပြီလို့သိရပြီး ၁၀ဦးရဲ့ အမည်နဲ့ ဖမ်းခံရတဲ့နေ့ရက်တွေကိုသာ အတည်ပြုနိုင်ပါသေးတယ်။
နောက်ဆုံး ဖမ်းခံထားရတဲ့ နေ့ရက်ဟာ ဇွန်လ ၂၉ ရက်ဖြစ်ပြီး မန္တလေးအိုးဘိုထောင်ကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ဦးတင်ဝင်းအောင် ၊ ရှေ့နေ ဒေါ်သဲစုနိုင်၊ ရှေ့နေ ဦးသုတတို့ဖမ်းဆီးခံခဲ့ရတာပါ။
အိုးဘိုထောင်ကနေ အမှုစစ်ပြီးအပြန် အဖမ်းခံရတဲ့ ရှေ့နေတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ရွက်နုအောင်လည်းပါဝင်ပါတယ်။
ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးပြီးတစ်လအကြာမှာ PDFကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ထောင်တသက်ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့တရားစွဲဆိုထားပါတယ်။
အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။
ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ရွှေအလင်းဥပဒေအကျိုးဆောင် ရုံးခန်းကို ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးလုပ်ခဲ့ပါတယ်။
ဒီလို ပစ်မှတ်ထားဖမ်းဆီးခံရတာမျိုးအပြင် ထောင်တွင်းတရားရုံး အမှုစစ်ဆေးချိန် ရှေ့နေတွေကို တရားခွင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ခြိမ်းခြောက်တာမျိုး တွေလည်းရှိတယ်လို့သိရပါတယ်။
