PDF ကို ထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ မန္တလေးကနာမည်ကျော် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မနက်ဖြန် အိုးဘိုထောင်တွင်း တရားရုံးမှာ အမှုစတင်စစ်ဆေးမယ်လို့သိရပါတယ်။
ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီကဖမ်းဆီးပြီး တစ်လကျော်အကြာမှာ အမှုစတင်စစ်ဆေးဖို့ကြိုးပမ်းတာလည်းဖြစ်ပါတယ်။ စွဲဆိုထားတဲ့အကြမ်းဖက်ပုဒ်မ ၅၀ (ည)ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးထောင်ဒဏ် တသက်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။
မတရားဖမ်းဆီးခံထားရသူ ဒေါ်ရွက်နုအောင်ဟာ အမှုမှာ ရှေ့နေမဌားဘဲ ကိုယ်တိုင်ထုချေမယ်လို့သိရပါတယ်။
ဒေါ်ရွက်နုအောင်ဟာ စစ်ကောင်စီဖမ်းဆီးအမှုစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းက မန္တလေးအိုးဘိုထောင်အတွင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုရုံးချိန်းကအပြန် ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းကိုလည်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေသိမ်းဆည်းတာတွေလုပ်ခဲ့ပါသေးတယ်။
ဖမ်းဆီးပြီးနောက် မန္တလေးနန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီး အိုးဘိုထောင်ကိုပို့လိုက်တာလည်းဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ ဗစ်တိုရီးယားလေးအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ရှေ့နေလည်းဖြစ်ပါတယ်။
