စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ဒေသတွင်း PDFအဖွဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်မှ ငါးဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။
ယနေ့(ဇူလိုင်လ ၁ရက်) မင်းကင်းမြို့နယ် တောင်လက်ဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့နှင့် MKPDF-2 တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF တပ်သားတစ်ဦးကျဆုံးပြီး စစ်အုပ်စုဘက်က ငါးဦးမိုင်းထိသေဆုံးသွားကြောင်း ထပ်မံအသိပေးသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့(ဇွန်လ၃၀)ကလည်း မင်းကင်းမြို့နယ် ကျော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီကောင်စီတပ်နှင့် တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုသည် ပျားသုံးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာစဥ် တိုက်မိုင်းများဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မေလအတွင်းကလည်း မင်းကင်းမြို့နယ် ကျော်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရက်(၂၀)ကြာစစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကနီနယ်ရှိ ကျောက်လုံးကြီး KLG PDFက သတင်းထုတ်ပြန်ထားသည်။
