အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၃၆၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးသူ ၁,၃၃၆ဦး ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ယနေ့(ဇူလိုင် ၁ ရက်) ထုတ်ပြန်သည်။
ထို့အတူ တိုက်ပွဲများ၌ ကျဆုံးသွားသော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၃၂ ဦး ရှိကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားမှုနှုန်းအရ ၂၀၂၁တွင် ၁၃၂ ကြိမ်ရှိခဲ့ပြီး ယခုနှစ်အတွင်း၂၃၂ကြိမ်အထိ မြင့်တက်လာကာ စစ်ကောင်စီတပ်သားများသေဆုံးမှုစာရင်းအရလည်း ယမန်နှစ်ထက် ၃၂၄ဦးပိုမိုသေဆုံးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဇွန်လ ၃၀ရက်အထိ သေဆုံးသွားသောအရပ်သားပြည်သူ ၂၄၁ ဦးရှိကာ စစ်ဘေးရှောင်နေစဥ် သေဆုံးသွားသောပြည်သူ ၃၃ဦးရှိသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။
အလားတူ ကရင်နီဒေသခံပြည်သူ့ နေအိမ် ၁,၁၂၁လုံးပျက်စီးခဲ့ပြီး မတရားဖမ်းဆီးခံထားရသူ ၂၅၃ ဦးရှိကြောင်း PKPF က ပြောသည်။
