▪️ကျေးရွာရေရရှိရေးအသုံးပြုထားသော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွား
မကွေးတိုင်း၊ မြိုင်မြို့နယ် ကွမ်းတောရွာတွင် စစ်ကောင် စီတပ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာရေရရှိစေရန် ကျပ်သိန်း ၅၀ကျော်တန်ဖိုး အသုံးပြုထားသော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ကွမ်းတောရွာတွင် ယမန်နေ့(ဇွန်လ၁၉ရက်)က တပ်စွဲထားသော စစ်ကောင်စီတပ်သည် ရွာသူ၊ရွာသား ၃၀ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး PDF စခန်းများအား လိုက်ပြခိုင်းကြောင်း၊ ထို့နောက် ဖမ်းဆီးခံထားရသည့် ကျေးရွာပြည်သူများအနက် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ကလည်း ကွမ်းတောရွာအရှေ့ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီး ရေပေးဝေသည့် ဆိုလာပြားများအား ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။
“အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။


အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇွန်လ ၁၅ ရက် နှင့် ၁၆ ရက်များက မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ နေအိမ် ၁၃ဝကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာ သုံးရွာမှ ဒေသခံပြည်သူလေးဦးကိုလည်း အကြောင်းမဲ့သတ်ဖြတ်ခဲ့သေးသည်။
