ကလေးမြို့တောင်ပိုင်းတွင် ထိုမာရွာမှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မိုင်းကွင်း၌ နားနေစဥ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း L.D.F(KALAY)က ထုတ်ပြန်သည်။
အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယနေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ထိုမာရွာမှဇွန် ၂၁ ရက်မနက် ၇နာရီခန့်တွင်ထွက်ခွာလာပြီး နံနက် ၈နာရီခန့်တွင် အသင့်ဆင်ထားသောမိုင်းကွင်းတွင် စုပေါင်းနားနေစဉ် မိုင်း ၈လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ကဖော်ပြသည်။
ထိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂၀ဦးခန့်သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟုL.D.F(ကလေး)က ထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကိုလူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည့် ဂန့်ဂေါမြို့ဘက်မှာစစ်ကြောင်းထွက်လာပြီး နတ်မြောင်းနှင့် နတ်ချောင်းရွာတို့မှတဆင့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ယခုတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ထိုစစ်ကြောင်းနှစ်ခုအနက်မှ တစ်ခုဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ကလေးမြို့တောင်ပိုင်းက စစ်ရေးတင်းမာနေလို့အခြေအနေတွေအသေးစိပ်မသိရသေးပါဘူး”ဟု ၎င်းကဆက်ပြောသည်။
ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ထိုဒေသကို ခရီးသွားလာခြင်းမပြုရန်ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။
