စစ်ကောင်စီ၏ အသုံးချခံပညာရေးဖော်ဆောင်မှု၌ ပါဝင်ပတ်သက်သူအားလုံးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ရှုတ်ချကြောင်း မတူပီ ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ထုတ်ပြန်လိုက်သည်။
မတူပီ CDFအနေဖြင့် လက်ရှိ ပညာရေးနှင့်သက်ဆိုင်ပြီး အဖွဲ့အစည်း၏ အသိပေးသတင်းထုတ်ပြန်ချက်ကို ယမန်နေ့ (ဇွန်လ ၁၉ရက်)က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၇ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ တရားမဝင်အကြမ်းဖက် စစ်ကောင်စီ၏ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် အသက်ဝင်လည်ပတ်ရေးအတွက် ဖော်ဆောင်သည့် ပညာရေးဆိုင်ရာ လုပ်ဆောင်မှုအားလုံး( အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ကြောင်း ကြေညာခြင်း)နှင့်ပတ်သက်ပြီး တရားဝင်မှုမရှိကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ အလားတူ မေလ ၂၆ရက်တွင် မတူပီ ပညာရေး ဘုတ်အဖွဲ့မှလည်း CDM ကျောင်းသား ကျောင်းသူများနှင့်အတူ ရပ်တည်ကြောင်း စစ်ကောင်စီကျင်းပသည့် စစ်ကျွန်စာမေးပွဲ ဖြေဆိုအောင်မြင်သူများ အား လုံး၀အသိအမှတ် မပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် မတူပီမြို့နယ် ပညာရေးဘုတ် အဖွဲ့များ၏ ထုတ်ပြန်ချက်များကို ကြိုဆိုကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။
