အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာလေးရွာထက်မနည်း အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။
ယမန်နေ့ည ၁၀နာရီကစ၍ ယနေ့(ဇွန် ၂၁ ရက်)နံနက် ၆ နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။


“မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
လက်ရှိစစ်ဘေးရှောင်နေရသော ကျေးရွာများသည် ယင်းမာပင်မြို့နှင့် နီးစပ်ပြီး မြို့၏ အနောက်မြောက်ဘက်တွင်ရှိကြောင်းလည်း ဗိုလ်သူရိန်(ယင်းမာပင်)က ဆိုသည်။

“တိုက်ပွဲလည်းမရှိဘူး အကြောင်းမဲ့သက်သက် ပစ်ခတ်နေတာ။လက်ရှိတော့ ယင်းမာပင်ထဲ မှာ စခက အင်အားတိုးထားတယ်။စုစုပေါင်း စစ်ကားအစီး ၇၀လောက်ဝင်နေတယ်”ဟု ၎င်းက ပြောသည်။
