ကသာမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ကသာ(ပကဖ)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ရေကြောင်းဖြင့် စစ်ကြောင်းထိုးရန် ရေဆိပ်၌ ပြင်ဆင်နေချိန် မြို့နယ် ပကဖ ၏ Gen Z အဖွဲ့မှ မြို့အဝင်/အထွက် မြဆည်းဆာ စစ်ကောင်စီဂိတ်ကို အီနာဂါ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးခန့် ဆေးရုံသို့ ရောက်ရှိကြောင်း သတင်းရရှိ ကြောင်း ဖော်ပြထားသည်။
လက်ရှိ အခြေအနေများအရ ကသာမြို့ရှိ ပြည်သူများ အားတင်းထားကြရန်နှင့် ဒေသခံပြည်သူများ အနေဖြင့်လည်း တစ်ရွာနှင့်တစ်ရွာ ချိတ်ဆက်၍ အပြန်အလှန် ဝိုင်းဝန်းဖေးမကြရန် ကသာ (ပကဖ)က ထုတ်ပြန်သည်။
“ပြည်သူ့ခုခံတွန်းလှန်စစ် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးအရှိန်မြင့်လာပါပြီ။စခတွေကလည်း မည်းမည်းမြင်ရာ အကုန်ကိုက်နေပါပြီ။ရှုံးမဲမဲနေပါပြီ။” ဟု ကသာ(ပကဖ)က ဆိုသည်။
