စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက် ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဘက်စုံထူးချွန် ဆုပေးပွဲနှင့်ပညာရေး စုံညီပွဲတော်တို့ကို ယနေ့ (ဇွန်လ ၁၈)ကျင်းပပြုလုပ်ခဲ့သည်။
ယင်းမာပင်ခရိုင်တပ်ရင်း (၁)မှ စစ်ဘေးရှောင်ပြည်သူ များ၏ ကလေးသူငယ်များအား NUGမှ ချမှတ်ထားသည့် ကြားကာလပညာရေးမူအတိုင်း သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး ဘက်စုံထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကိုလည်းပြည်သူလူထုများစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။





“ယင်းမာပင်ခရိုင်မှာ ဒီလိုမျိုး ပညာရေးစုံညီပွဲတော်တွေတောင် ကျင်းပနိုင်တဲ့ အရမ်းဝမ်းသာမိပါတယ်။ ဒါက တော်လှန်ရေးရဲ့ အသီးအပွင့်တစ်ခုပါပဲ”ဟု ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ရက်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် NUGပညာရေးဝန်ကြီးဌာနက ဦးဆောင် ၍ မိုးရာသီအားကစားပြိုင်ပွဲကျင်းပခဲ့ပြီး NUG ကြား ပညာရေး စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများနှင့် ပြည်သူများ ထောင်နှင့်ချီ၍ လာရောက် အားပေးခဲ့ကြသည်။
