●မေလသုံးပါတ်အတွင်းမြိုင်တွင် ကျေးရွာ ၆ရွာမှနေအိမ်ပေါင်းရာချီမီးရှို့ဖျက်ဆီးထား
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်ကောင်စီတပ်ကကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေပြီး လူငယ်တစ်ဦးအားသေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။
မြိုင်မြို့နယ်အနောက်ပိုင်းတွင်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များသည်ယမန်နေ့ (မေလ ၂၁ ရက်နေ့)က ဆင်စိန်ရွာမှ အသက် ၂၀ အရွယ်လူငယ်တစ်ဦးကို ပစ်သတ်သွားပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။


နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးရွာသို့ အင်အားတစ်ရာခန့်ဖြင့် ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ရွာထဲရှိဈေးဆိုင်များအတွင်းသို့ တံခါးများကို ဖျက်ဆီးဝင်ရောက်ကာ အဖိုးတန်ပစ္စည်းမှန်သမျှကို လုယက်ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။
“ရွာထဲက ပရဟိတ ကားတစ်စီးကို မီးရှို့ဖျက်ဆီးပြီး ဖောကားတစ်စီးကိုလည်း လုယက်ယူဆောင်သွားတယ်။ ရွာထဲက လုယက်လာသမျှ ပစ္စည်းတွေကို အဲဒီကားနဲ့ တင်သွားတယ်။”ဟု မြိုင်နယ်ခံတစ်ဦးက ပြောသည်။



ထို့အပြင် ဘောင့်ဘင်ရွာနှင့် ခွေးမွှေးရွာအနီးရှိကြက်ခြံများနှင့် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ကျောက်ခွက်ရေနံမြေဘက်သို့ စစ်ကြောင်းထိုးမည်ဟု ခန့်မှန်းရပါသဖြင့် ရေနံမှော်ဘက်မှ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် မြိုင်ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။
စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်အတွင်း မေလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျေးရွာ ၆ရွာမှနေအိမ်ရာချီ မီးရှို့ဖျက်ဆီးထားကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) က ထုတ်ပြန်ထားသည်။
