ဂိတ်စောင့်စစ်သားနှစ်ဦး သေဆုံးနိုင်
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ကျောက်ဆည်မြို့နေအိမ်ကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KDDF)က ယနေ့(ဇွန် ၁၉)ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီ ၄၅ ခန့်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ဦးသန်းရွှေ၏နေအိမ်ဟု လူသိများသော စစ်တပ်မှလုံခြုံရေးယူထားသည့် နေအိမ်ခြံဝင်းရှေ့ဂိတ်တဲအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF က ပြောသည်။
“ဟုတ်ကဲ့ခင်ဗျ။ အစောင့်ဂိတ်မှာ စစ်ခွေးနစ်ကောင်ရှိတယ်ခင်ဗျ။ နှစ်ကောင်သေနိုင်တယ်။ ခွေးတွေက အကာကွယ်မရှိဘူး။ သူတို့ရှေ့ကျတာ။ ကျွန်တော်တို့က အုတ်တံတိုင်းကိုအကာ အကွယ်ယူပြီး အနီးကပ်ပစ်လိုက်တာ”ဟု KDDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။
ထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ အိမ်အတွင်းတွင် စစ်တပ်အရာရှိအချို့နှင့် တပ်သားအချို့နေထိုင်နေသည်ဟု ဒေသခံတို့က ပြောသည်။
စစ်အာဏာရှင်ဟောင်းတစ်ဦး၏နေအိမ်အား ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ရခြင်းမှာ မြို့လည်တွင် ကင်းဂိတ်များချပြီး မည်သို့နေထိုင်စေ ပြည်သူလူထုအား အကြမ်းဖက်နေသူများအတွက် မည်သည့်နေရာတွင်မှ မလုံခြုံကြောင်းကို ပြသလို၍ဖြစ်ကြောင်း ၎င်းတော်လှန်ရေးရဲဘော်ကဆက်ပြောသည်။
ဦးသန်းရွှေသည် ၁၉၈၈စစ်တပ်အာဏာသိမ်းမှုတွင်အဓိကပါဝင်သူများထဲမှတစ်ဦးဖြစ်ပြီး နအဖ ၊နဝတစစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးဖြစ်ကာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးအပ်ခဲ့သူဖြစ်သည်။ ၂၀၁၆ တွင် အနားယူပြီးနောက်ပိုင်း စစ်ခေါင်းဆောင်များအတွက် သီးသန့်ဆောက်လုပ်ထားသောနေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်တော်တွင်နေထိုင်နေသူ ဖြစ်သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) က စစ်ရေးအခြေအနေအရ နေ့လယ်ခင်းပိုင်းမှ ထပ်မံထုတ်ပြန်ပေးမည်ဟု ပြောသည်။
ကျောက်ဆည်မြို့ရှိ နေအိမ်တွင် ဦးသန်းရွှေ နေထိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုအစောင့်ချထားပြီး ထိုအစောင့်တပ်များရှိနေသည့်ကြားမှပင် နွေဦးတော်လှန်ရေးကာလအတွင်း သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။
