မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်စစ်တပ်အားနှစ်ရက်အတွင်းသုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းရေစကြို PDFက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇွန်လ၁၇ရက်နေ့)နံနက်(၇)နာရီခန့်က မ.ဘ.သခေါင်းဆောင် ရှင်မတောင်ဆရာတော်အားလုံခြုံရေးယူပေးနေသည့် ပခန်းကြီးရဲစခန်းမှ ရဲများ၊ အကြမ်းဖက်စစ်တပ်နှင့် ပျူ ပူးပေါင်းအဖွဲ့သည် အဖြူရောင်ပေါင်မုန့်ကားဖြင့် ရှင်မတောင်ဘက်မှ တောင်အိုကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာစဥ်ချင်းယားကုန်းကျေးရွာအနီးအရောက်တွင်မိုင်း(၁)လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်းရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကားမောင်းနှင်သူအပါအဝင်(၁၀)ဦးခန့် လိုက်ပါလာသည့်အနက် (၄)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး (၃)ယောက် ဒဏ်ရာအပြင်းထန် ရရှိခဲ့ကာကားနောက်ပိုင်း ပျက်စီးခဲ့သည်ဟုဖော်ပြထားသည်။
ယနေ့ (ဇွန်လ၁၈ရက်နေ့) နံနက် (၁၀)နာရီခန့်ကလည်းပခုက္ကူမြို့ မှ ရေစကြိုမြို့နယ်ရှိ ခလရ (၂၅၈)သို့ ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း ဦးတည်မောင်းနှင်လာသောအကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းကို ကြီးကံအုပ်စု၊မိုက်ပင်ကုန်းကျေးရွာ အနီးတွင် (၄)လုံးတွဲပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yesagyo PDF၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာများအပြင်းအထန်ရရှိခဲ့ကာကား (၂) စီးထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးသည်။
အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေစကြို PDFက အသိပေးသည်။
ယနေ့ နံနက် (၁၀)နာရီခွဲခန့်ကလည်း ရေစကြိုမြို့အတွင်းမှ ရမ်းကားနေသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များသည် hijet ကား အဖြူရောင်တစ်စီးဖြင့် မြို့အပြင်သို့ထွက်လာစဥ် ဆက်သွယ်ရေးရုံးအနီးတွင် မိုင်း(၁)လုံးခွဲပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် (၁)ယောက် သေဆုံးပြီး (၂)ယောက် အပြင်းအထန် ဒဏ်ရာရသည်ဟု သိရှိရကြောင်း ထုတ်ပြန်ထားသည်။
မဟာမိတ်များ၏ ပူးပေါင်းတိုက်ခိုက်မှု(၃)ကြိမ်ကြောင့်စုစုပေါင်း (၁၉)ယောက်နှင့်အထက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး (၁)ဦး သေဆုံးကြောင်း Yesagyo PDF ကပြောသည်။
အထက်ပါစစ်ဆင်ရေးအား ရေစကြိုPDF၊N-YSO ပြောက်ကျားတပ်၊K.N.T ပြောက်ကျားတပ်၊Myaing Rural Guerilla Force၊Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရေစကြို PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသကဲ့သို့ ရေစကြိုရေလယ်ကျွန်းဒေသတွင်လည်း အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်နေကြသည်။
