ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တန်ဖဲရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မြစ်ဆုံဧရိယာပေါ့။ မြစ်ကြီးနားက တက်လာရင် တန်ဖဲရွာအဝင် ကုန်းဆင်းနားမှာ ။ဒီဘက်မှာ မဖြစ်တာကြာပြီ။ ဒီမနက်မှာ ကြားတော့ အံ့ဩနေတာ။ အတက်တုန်းက ဘာမှ မဖြစ်ဘဲအဆင်းပိုင်းပဲ အဲဒီလိုဖြစ်လာတာ”ဟု ဒေသခံက ပြောသည်။
ပူတာအိုမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း နှင့် ယာဉ်တန်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်းတို့ကို လမ်းခရီးတွင် KIAက ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ယနေ့ မြစ်ဆုံအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသည်ဟု ကြားရကြောင်း ဒေသခံက ပြောသည်။
“နာရေးမော်တော်ယာဉ်တော့ တက်တယ်ပြောတယ်။ အတိအကျတော့ မပြောနိုင်ဘူး။”ဟု ဒေသခံက ပြော သည်။
