ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရေးသည် မိမိတို့နှင့်ဆိုင်သည် ဟု မှတ်ယူပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်အား ထမ်း၍ တဖက်တလမ်း မှ ပူးပေါင်းပါဝင်ပေးကြပါရန်မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌မေတ္တာရပ်ခံခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ် အသီးသီးတို့တွင် မြေပြင်သပိတ် ကော်မတီဝင် ရဲဘော် ၃၀ကျော်မှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသည်။ ဇွန် ၁၄ ၊ ၁၅ ၊၁၆ရက်များတွင်လည်း ထပ်မံဖမ်းဆီး ခံခဲံရသည့် လူငယ်အများအပြားရှိခဲ့ရာ လေးရက်အတွင်း ဖမ်းဆီးခံ ထားရသူဦးရေမှာ ၆၀ နှင့်အထက်တွင် ရှိနေကြောင်း သိရသည်။
ထို့အပြင်အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။
အလားသဏ္ဍန်တူ ဖြစ်ရပ်မျိုးသည် ၂၀၂၁နိုဝင်ဘာလအတွင်း တွင်ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြ ပျောက်ကျား ရဲဘော်များနှင့် ထောက်ပို့ရဲဘော် များအပါအဝင် အင်အားရာကျော် ဆက်တိုက် ဖမ်းဆီးခံခဲ့ရပြီး ယင်းဖြစ်စဉ်အပြီးမြို့ပြတွင် စစ်ကောင်စီ၏ ဒုတိယအကြိမ် အမြောက်အမြား ဖမ်းဆီးခံရမှု ဖြစ်လာခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်များတွင် ယင်းကဲ့သို့စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပြီးမြို့ထွက်ပေါက်များတွင်အသင့်ပိတ်ဆို့ ထားကာ မြို့ထဲတွင် ဝင်ရောက်မွေနှောက်ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖေးမပေးရန် လိုအပ်နေကြောင်း မြို့ပြတော်လှန်ရေးအင်အားစုများက ပြောသည်။
ထို့ကြောင့် သာမန်ထက်ပိုသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့၏ယာဉ်တန်းများအား တွေ့ရှိပါက ယုံကြည်ရသည့် Scout Channel များသို့အလျင်မီသတင်းပေးပို့ခြင်း ၊ တိမ်းရှောင်လာသည့် ရဲဘော်များအား ခိုလှုံ့ခွင့်ပြုခြင်း စသကဲ့သို့သော ပူးပေါင်းပါဝင်မှုများ လွန်စွာလိုအပ်နေကြောင်း သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက လည်းပြောသည်။
” ဒေသခံလူထုရဲ့ ပါဝင်ပူးပေါင်းမှုမရှိသရွေ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ် ” ဟု ၎င်းက ပြောသည်။
