ကေအဲန်ယူထိန်းချုပ်နယ်မြေ တောတထူ(ထန်းတပင်)မြို့နယ် ဇရပ်ကြီးမြို့မှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၂ ထံကနေ သိရပါတယ်။
ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ တပ်ရင်း ၆ နယ်မြေ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၇၃)တပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား မနေ့ည ၉ နာရီအချိန်ကစပြီး နာရီဝက်ကြာပစ်ခတ်မှုဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့တာပါ။
“ဇရပ်ကြီးတပ်စခန်းထဲ လက်နက်ကြီးလို့ယူဆရတဲ့ အသံအကျယ်နှစ်ချက် ကြားရပြီးနောက် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံတွေစတင်ကြားရပါတယ်။ တော်တော်ကြာပါတယ်။ ၉ နာရီ ၃၅ မိနစ်နောက်ပိုင်း ပြန်လှန်ပစ်ခတ်သံတော့ရပ်သွားပေမယ့် စကစတပ်က တချက်တချက်ပြန်လည်ပစ်ခြောက်ခဲ့ပါတယ်။ စစ်သား၃ဦးသေသွားတယ် ၂ ဦးကဒဏ်ရာပြင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောတဲ့အကြောင်း တောအူးကရင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။
ဒီမနက်ပိုင်းမှာတော့ ဇရပ်ကြီးမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း တပ်မဟာ ၂ ထံကနေ သိရပါတယ်။
ဒါ့အပြင် မနေ့ညပိုင်းကလည်း သံတောင်မြို့ လိပ်သိုမြို့ဘက်တွေမှာလည်း စစ်ကောင်စီတပ်က ရပ်ကွက်တွေအတွင်း လှည့်လည်ပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
