●ယနေ့တွင်အခြား သပိတ်ကော်မတီဝင်များကိုလည်း စစ်ကောင်စီက ဆက်လက်ရှာဖွေနေ
ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား ဆန္ဒပြသပိတ်များကိုဖော်ဆောင်နေသည့်လူငယ် ၃၀ကျော် ယမန်နေ့ (ဇွန်လ ၁၃) ညပိုင်းကစစ်ကောင်စီတပ်၏ အဓမ္မဖမ်းဆီးခြင်းခံရကြောင်းတော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှုကွန်ယက်စာက ထုတ်ပြန်သည်။
အဆိုပါသပိတ်လူငယ်များသည်ယမန်နေ့ညပိုင်းကစမ်းချောင်း၊ကြည့်မြင်တိုင်၊ တာမွေ နှင့် ရန်ကင်းမြို့နယ်များတွင် တစ်ညအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
သပိတ်လူငယ်များစီးနင်းခဲ့သည့်အဌားယာဥ်မောင်းဖမ်းဆီးခံရခြင်းမှတစ်ဆင့်နောက်ဆက်တွဲ လူငယ်များဖမ်းဆီးခံခြင်း ဖြစ်နိုင်ကြောင်းမြို့နယ် သပိတ်ကော်မတီဝင်လူငယ်တစ်ဦးကပြောသည်။
” သပိတ်က လူတွေ ဌားစီးတဲ့ ကားဆရာ အရင်ဖမ်းခံရာကနေ ယနောက်ဆက်တွဲလူငယ်တွေပါဖမ်းခံရတာလို့သိရတယ်။ မနေ့ညကတစ်ညထဲကို ၃၀ ကျော်လောက် ဖမ်းခံရတယ်လို့တော့ ကြားပါတယ် ” ဟု၎င်းကဆက်ပြောသည်။
ထို့အပြင် ယနေ့ (ဇွန်လ ၁၄) တွင်လည်း ရန်ကုန်မြို့ မြို့နယ်အများစု၌ အကြမ်းဖက် စစ်ကောင်စီဝင်များက သပိတ်လူငယ်များကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သပိတ်ကော်မတီဝင်များမှ တဆင့် သိရသည်။
“ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် ” ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ GSC မှ ယနေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် အနီရောင်အဆင့် ကြေညာထားပြီး အခြား သပိတ်ကော်မတီများကလည်း မြေပြင်သပိတ်လူငယ်များ လုံခြုံရေးအထူးဂရုစိုက်ကြရန် ထုတ်ပြန်ထားသည်။
ထို့အပြင်ရန်ကုန်ရှိသပိတ်ရဲဘော်များလည်းမိမိတို့၏ ရဲဘော်ရဲဘက်အချင်းချင်း အပြန်အလှန် သတင်းရမရ စိစစ်ကြရန်နှင့် အဆက်အသွယ် မရရှိပါက နေရာရွေ့ရန်၊ ပြည်သူများအနေဖြင့်လည်း ဝိုင်း၀န်းကူညီစောင့်ရှောက်ပေးကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။
