အာဏာသိမ်းစစ်ကောင်စီက ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်၍ သေဒဏ်ပေးမှုအပေါ် ရန်ကုန်လူငယ်များက မုချလက်တုန့်ပြန်မည်ဆိုသည့် ပြည်သူ့ရာဇသံပေး ဆန့်ကျင်လှုပ်ရှားမှုများကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့သည်။



လူငယ်များက “တစ်ယောက်ကျ တစ်သက်မကြေဘူး ၊ နှစ်ယောက်ကျ တစ်ကမ္ဘာမကြေဘူး ၊ ဘယ်သူကျကျ ကမ္ဘာတည်သ၍ ဥဒါန်းမကြေဘူး” စာသားပါ စကေတာများ ၊ အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံပါ “ကြိုးမိန့်ပေးလျှင် မုချလက်တုန့်ပြန်မည်”ဟု စာသားများပါ စတစ်ကာများအား ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာအနှံ့တွင် ကပ်၍ ပြည်သူ့ရာဇသံပေးပို့ခြင်းကို ပြုလုပ်ခဲ့ကြသည်။
ယင်းလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ (Youths Union)၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်းကျောင်းသားများ သမဂ္ဂ၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ မှ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
