ရန်ကုန်မြို့တွင် ယနေ့တွင် (ဇွန်၁၁ရက်) ဒီဇယ်တစ်လီတာလျှင် ၂၆၀၀ကျပ်အထိဈေးတက်ပြီး စက်သုံးဆီဈေး စံချိန်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာစုံစမ်းသိရသည်။
ဒီဇယ်တစ်လီတာလျှင်တစ်ရက်အတွင်း ၇၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးသမိုင်းတွင်ဒီဇယ်ဈေး အမြင့်ဆုံးနှုန်းဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များကပြောသည်။
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ယနေ့အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ်နှင့် ပရီမီယံ တစ်လီတာကို ၂၆၄၀ကျပ်ဈေးပေါက်သည်။
“ဈေးတွေသာတက်သလို ဝယ်ဖို့လည်းခက်တယ်။ဆီဆိုင်အများစုက ဆီတွေပြတ်လပ်နေတယ်”ဟု ရန်ကုန်မြို့တွင်ဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။
အခြားမြို့ကြီးတွင်လည်းစက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး ဆိုင်အများစုမှာ ပိတ်ထားသည်ဟုဒေသခံများကပြောသည်။
“မန္တလေးမှာတော့ လမ်းဘေးမှာဖွင့်တဲ့ ဆိုင်တွေကို ဖွင့်ရင်ဖမ်းမယ်ဆိုလို့ ဆိုင်ကြီးတွေမှာပဲ တန်းစီဝယ်နေရတယ်၊ အာ့မှာလဲ တန်းစီနေရတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြော
သည်။
စစ်ကောင်စီတပ်က လမ်းဘေးတွင် ရောင်းချနေသည့်ဆီဆိုင်ငယ်များကို ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေပြီး ဆီဆိုင်အကြီးများတွင် ဝယ်ယူရမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။
ရန်ကုန်၊မန္တလေး စသည့် မြို့ကြီးများမှ အပ ကျန်မြို့များတွင် အောက်တိန်း တစ်လီတာကို ကျပ် ၃၀၀၀နီးပါးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဇွန် ၁၀ ရက်ကအောက်တိန်း၉၂တစ်လီတာလျှင် ၂၂၉၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၂၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင်၂၅၄၀ကျပ်နှင့်ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၇၀ကျပ်ဈေးပေါက်ခဲ့သည်။
