စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများရှိပြီး PDF ရဲဘော်သုံးဦးလည်း ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇွန်လ ၁၅ ရက် ညနေ ၄နာရီခွဲခန့်က ပုလဲမြို့နယ်မှထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ပုလဲ – မင်းတိုင်ပင် – ယင်းမာပင်လမ်းတွင် ပွိုင့် ၆ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများနိုင်ပြီး ဆက်လက်မထွက်ခွာနိုင်ဘဲရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန် သည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျန်ရဲဘော်များက မဟာမိတ်တပ်ဖွဲ့များ၏ လက်နက် ငယ်ပစ်ကူဖြင့် အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁)ကဆိုသည်။
ကျဆုံးသူ ရဲဘော်သုံးဦးသည် ယင်းမာပင်ခရိုင် တပ်ရင်း (၁)မှ ရဲဘော်ဟိန်းထက်စိုး၊ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲတွင် ရဲရင့်စွာတိုက်ပွဲဲဖြစ်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

“စစ်ခွေးကားတန်းကို မိုင်းဆွဲပြီး စစ်ခွေးတွေကြား ပိတ်မိသလို ဖြစ်သွားတာ။အဲဒီမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲဘော်သုံးယောက် အသက်ပေးသွားရတာပါ။ အသက်တွေက ၂၅ နှစ်ဝန်းကျင်တွေ၊ အိမ်ထောင်သည်တစ်ယောက်ပါတယ်လို့ သိရတယ်။”ဟု အမိမြေတော် လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ကျဆုံးရဲဘော် သုံးဦးနှင့်ပတ်သက်၍ အမိမြေ တော်လှန် ရေးတပ်ဖွဲ့က ရဲဘော်မင်းကိုက “တော်လှန်ရေးမှာ အသက်ပေးလိုက်ရတဲ့ ရဲဘော်တစ်ဦးတစ်ယောက်ချင်းဆီကို ကျွန်တော်တို့အမိမြေတော်လှန်ရေးတပ်ဖွဲ့ကနေမှ ဝမ်းနည်းကြေကွဲရပါတယ်။ တော်လှန်ရေးပြီးဆုံးသည်ထိ ပြည်သူကို သစ္စာမဖောက်ပဲ တော်လှန်ရေးအဖွဲ့အစည်းတိုင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားသွားမယ်ဆိုတာ ကတိပြုပါတယ်။ အာဇာနည်ရဲဘော်တွေကိုယ်စား ဆထက်တပိုး ပိုမိုထိရောက်စွာ တော်လှန်သွားမယ်။ ထိထိရောက်ရောက် တော်လှန်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်ဆိုတာ အာဇာနည်ကျဆုံးရဲဘော်တွေကို အမှတ်တရ စကားပြောလိုပါတယ်။”ဟု ပြောသည်။
တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားသော ရဲဘော်များအတွက် လွန်စွာဝမ်းနည်းရကြောင်း၊ ရဲဘော်တို့အား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ မပြီးပြတ်သေးသော အာဏာရှင်တော် လှန်ရေးအား တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်များကို တိုင်တည်ကတိသစ္စာပြုပါသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
