မကွေးတိုင်း ဂန့်ဂေါမြို့နယ် ညောင်လယ်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူခြောက်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၃ရက်က စစ်ကောင်ဏီတပ်များ ညောင်လယ်ရွာသို့ ဝင်ရောက်လာစဉ် ပြည်သူခြောက်ဦးကို သတ်ဖြတ်ခဲ့ရာ ၎င်းအနက် ငါးဦးမှာလက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ သတ်ဖြတ်ခံရသူ ခြောက်ဦးအနက် နှစ်ဦးမှာ ညောင်လယ်ရွာသားများဖြစ်ပြီး ကျန် လေးဦးမှာ လက်ရှိ အချိန်ထိအတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီတပ်များက အခြားဒေသများမှ ဖမ်းဆီးခေါ်ဆောင်လာသူများ ဖြစ်နိုင်ကြောင်း မြို့နယ် ပအဖက ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်ကာလတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ်အတွင်း လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း စသည့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းများဝင်ရောက်လာပါက ထိပ်တိုက်မတွေ့မိဘဲ လုံခြုံရာအရပ်ဒေသများ၌သာနေထိုင်ကြပါရန် ဂန့်ဂေါ(ပအဖ)က သတိပေးနှိုးဆော်ထားသည်။
