ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို သေဒဏ်စီရင်မယ့်လုပ်ရပ် ရပ်တန့်ဖို့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က ဇွန်လ ၁၄ ရက်ကတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုကို နှစ်ပေါင်း ၃၀ ကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် အကောင်အထည်ဖော်မယ့် ဒီစီစဉ်မှုဟာ “အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ် ” လို့လူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။
“ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ စစ်ကောင်စီ ကို အရေးတကြီးတောင်းဆိုပါတယ်” လို့ မစ်ရှဲလ် ဘက်ချလက် ဆိုပါတယ်။
စစ်ကောင်စီဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD အမတ်ဟောင်း ကိုဇေယျာသော် အပါအဝင် အမျိုးသား ၄ ဦး ရဲ့ သေဒဏ် ကိုအတည်ပြုလိုက်ပြီး ကွပ်မျက်ဖို့ ဆက်လက်အကောင်အထည်ဖော်မယ်လို့ အတိအလင်းပြောထားပါတယ်။
ဒီလုပ်ရပ်ကို ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။ အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ ဖြစ်သူကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကဆို စစ်ကောင်စီခေါင်းဆောင်ထံစာပေးပို့ပြီး ကွပ်မျက်မယ့်အစီအစဉ်ကို ရပ်တန့်ဖို့တောင်းဆိုထားပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကွပ်မျက်ရင် ဆိုးကျိုးတွေဆက်ဖြစ်လာမယ်လို့ ဟွန်ဆန်က စစ်ကောင်စီကို ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။
