ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူတစ်ဦးကို မနေ့ကညပိုင်း ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ဥပဒေကျောင်းသူဖြစ်တဲ့ မရွှေရည်ဝင်းကို ကြည့်မြင်တိုင်မြို့နယ်၊ အိုဘိုလမ်းကနေအိမ်မှာ စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဒီနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။
ဒီနေ့ညနေအထိ ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပြီး ညနေ ၆ နာရီလောက်မှာတော့ မရွှေရည်ဝင်းတို့သားအဖကို စစ်တပ်က လာခေါ်သွားပြီး စစ်ကြောရေးပို့လိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
မည်သည့်စစ်ကြောရေးကို ပို့လိုက်တာကို စုံစမ်းမရသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဆိုထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ရန်ကုန် မှာ လူငယ်အများအပြားကို ဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိလာပါတယ်။
လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။
