အဂတိအမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်ဟာ ဒီနေ့တရားခွင်မှာ လာရောက်ထွက်ဆိုသွားပါတယ်။
သက်သေထွက်ဆိုအပြီးမှာ မောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့သွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။
ထွက်ဆိုချက်တွေဟာစစ်ကောင်စီက ထုတ်လွှင့်ဖူးတဲ့ ရုပ်သံဖိုင်ထဲက အတိုင်းဖြစ်တယ်လို့ သိရပါတယ်။
စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မောင်ဝိတ် ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်တွေအတွင်းဒေါ်အောင်ဆန်းစုကြည် ကို လေးကြိမ်တိုင် တွေ့ဆုံရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အလှူငွေ ကို စက္ကူအိတ်အတွင်း ဒေါ်လာတွေထည့်ပြီး စုစုပေါင်းဒေါ်လာငါးသိန်းခွဲလှူဒါန်းဖူးတယ်လို့ထွက်ဆိုထားတာပါ။
ဒီထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် ကို လာဘ်စားတယ်ဆိုကာ အဂတိပုဒ်မနဲ့ တရားစွဲခဲ့တာပါ။
ဒီနေ့တရားခွင်မှာတော့ အဲဒီအမေရိကန်ဒေါ်လာ ငါးသိန်းခွဲဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အတွက်အလှူငွေသာဖြစ်ပြီး မိမိဆန္ဒအရ လှူဒါန်းတာလို့ မောင်ဝိတ်က ထွက်ဆိုခဲ့ပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုလည်း ဘန်ကောက်မှာ ဆေးကုသစဉ် ဆေးကုသဖို့အလှူငွေ လှူဒါန်းဖူးတယ်ဆိုတဲ့ မောင်ဝိတ်ရဲ့ထွက်ဆိုချက်အရ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကိုအဂတိမှုနဲ့တရားစွဲထားတာရှိပါတယ်။
အဲဒီအမှုအတွက် တရားခွင်မှာသက်သေသွားရောက်ထွက်ဆိုချိန် မောင်ဝိတ်ဟာ ဒေါက်တာဇော်မြင့်မောင်ကို ထိုင်ကန်တော့ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့တရာလိုပြသက်သေအဖြစ်ထွက်ချက်ပေးတဲ့ မောင်ဝိတ်ကို ဒေါက်တာဇော်မြင့်မောင်က “ကျမ်းဆိုတာ စူးတတ်တယ်။ သံသရာအထိခံရမှာ ကိုယ့်လူ” လို့ပြောကြားထားပါတယ်။
