မျောက်ကျောက် (Monkeypox) ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမို အလေးထား အာရုံစိုက်ပေးဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)နဲ့ နိုင်ငံ အစိုးရတွေကို ကမ္ဘာ့ထိပ်တန်း ကူးစက်ရောဂါ ပညာရှင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
အခုဆိုရင် မြောက်အမေရိကနဲ့ ဥရောပတိုက်တို့ အပါအဝင် ကမ္ဘာအနှံ့မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားတဲ့ အတည်ပြု လူနာနဲ့ သံသယလူနာ စုစုပေါင်း ၃၀၀ ကျော်လောက်ထိ တွေ့ရှိထားပြီးပါပြီ။ ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ကျယ်ပြန့်သွားတဲ့ အကြောင်းရင်းတွေထဲမှာ ကနဦးအဆင့် ရောဂါပျံ့နှံ့ချိန်က မှားယွင်းတဲ့ တုံ့ပြန် ကိုင်တွယ်မှုတွေကြောင့်လည်း ပါဝင်ခဲ့တာကြောင့် မျောက်ကျောက်ရောဂါကို မပေါ့ဆကြဖို့ ကမ္ဘာ့ထိပ်တန်း ဆေးသိပ္ပံ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
မလိုလားအပ်ဘဲ နောက်ထပ် ကူးစက်ရောဂါဆိုးကြီးတစ်ခု တွင်ကျယ်လာဦးမယ်ဆိုရင် လူတွေလည်း ဒုက္ခရောက်ကြမှာ ဖြစ်သလို ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချကြရလိမ့်မယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့က ဗိုင်းရပ်စ်ဆိုင်ရာ ရောဂါများဌာနရဲ့ ပရော်ဖက်ဆာ အစ္စဘဲလား အက္ကာလီက ပြောပါတယ်။
WHO အနေနဲ့ ကိုဗစ်၊ အီဘိုလာတို့တုန်းကလို မျောက်ကျောက် ရောဂါကိုလည်း နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် သတ်မှတ်လိုက်ရင်တော့ သုတေသနနဲ့ ရန်ပုံငွေ စုဆောင်းမှု ကဏ္ဍတွေမှာ ပိုပြီး တွင်ကျယ်လာနိုင်တယ်လို့ သူက ထောက်ပြခဲ့တယ်။
WHOရဲ့ အရေးပေါ် အခြေအနေ ထိန်းချုပ် ကိုင်တွယ်ရေးဌာန အကြီးအကဲ မိုက်ခ် ရိုင်ယန်ကတော့ ကူးစက်ရောဂါတိုင်းကို အနီးကပ် စိစစ် စောင့်ကြည့်လေ့ရှိပြီး လောလောဆယ်တော့ မျောက်ကျောက် ရောဂါအတွက် အရေးပေါ် ကော်မတီတစ်ရပ် မဖွဲ့စည်းသေးကြောင်း ပြောကြားခဲ့ပါတယ်။
ကနေဒါနိုင်ငံ၊ ဆက်စ်ကက်ချူဝန် တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ ပညာရှင် အန်ဂျလာ ရက်စ်မတ်ဆန်ကလည်း မျောက်ကျောက်ဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်လောက် ကူးစက်မှု မမြန်ဆန်၊ မလွယ်ကူဘူး ဆိုပေမယ့် ကမ္ဘာ့လူသားတွေ အနေနဲ့ တူညီတဲ့ အမှားကို နောက်တစ်ကြိမ် ထပ်မကျူးလွန်သင့်တော့ဘူးလို့ Twitterမှာ ရေးသားထားခဲ့ပါတယ်။
WHOကတော့ မျောက်ကျောက် ရောဂါဟာ အတည်ပြုနဲ့ သံသယ လူနာတွေကို သီးသန့် ခွဲခြားထားစေတာ၊ အနီးကပ် ထိတွေ့မှုတွေကို နောက်ကြောင်းပြန် စိစစ်တာမျိုး နည်းလမ်းတွေနဲ့တင် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မျောက်ကျောက်ဟာ ကျောက်ရောဂါ တစ်မျိုးဖြစ်ပြီး မျောက်တွေမှာ စတင်တွေ့ရှိတာကြောင့် ဒီနာမည် မှည့်ခေါ်ထားတာပါ။ ရောဂါ လက္ခဏာတွေ ထင်ထင်ရှားရှား ပြသနေသူတွေနဲ့ အနီးကပ် ထိတွေ့တာမျိုး၊ လိင်ဆက်ဆံတာမျိုးတွေကြောင့် ရောဂါ ထပ်ဆင့် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ရောဂါ ဖြစ်ပွားရင် ဖျားနာတာ၊ ကိုယ်လက်တွေ ကိုက်ခဲနာကျင်တာ၊ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထတာမျိုး လက္ခဏာတွေ ပြသတတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်မျိုးထိ ပြင်းထန်တာတော့ အဖြစ်နည်းပါတယ်။ ရောဂါကြောင့် ဖျားနာမှုက သီတင်းပတ် တချို့ထိ ကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။
