တပ်အပြောင်းအလဲ ပြုလုပ်ပြီးဖားကန့်သို့ အသစ်ရောက်ရှိလာသော စစ်ကောင်စီတပ်ရင်းတစ်ခုသည် စစ်ကောင်စီနှင့်ဆက်နွှယ်နေသော ကျောက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်များထဲတွင် တပ်ဖျောက်ထားကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုသည် ဖားကန့်ဒေသသို့ မေ လ ၂၇ရက်က ရောက်ရှိလာခဲ့ပြီး အဆိုပါတပ်ရင်း ရှိရာနေရာကို ဒေသခံများက စုံစမ်းသိရှိခဲ့ခြင်းဖြစ်သည်။
“ပျောက်နေတဲ့စစ်ကြောင်းက ကုမ္မဏီထဲတွေ ဝင်ခိုနေတာ။မြန်မာတကောင်းတို့၊ တစ်သုံးလုံးတို့ သူတို့နဲ့ ပါတနာဖြစ်တဲ့ ကုမ္မဏီထဲတွေမှာ တပ်ဖျောက်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ဒေသခံများကပြောသည်။
“ညအချိန်ဆိုမြို့ပေါ်ရောမှော်ထဲရော ကင်းပုန်းဝပ်တာတွေလုပ်နေတယ်။ မှော်ထဲသွားရင်သတိနဲ့သွားလာကြပါ”ဟုဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေသူတစ်ဦးကပြောသည်။
ဖားကန့်တွင်လတ်တလောစစ်ရေးအခြေအနေငြိမ်သက်နေပြီးမေလ ၂၃ ရက်နေ့ကတိုက်ပွဲတွင်KIA-ကချင်လွတ်မြောက်ရေးတပ်မတော် နှင့်ပြည်သူကာကွယ်ရေးတပ်-PDFတို့ပူးပေါင်းတပ်က စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးခဲ့သည်။
