ရဟတ်ယာဉ်ဌားရမ်း ၊ဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အမှုလုပ်ပြီး စွဲဆိုတဲ့အမှုမှာ တရားလိုဖြစ်သူကို စွပ်စွဲခံရသူတွေဘက်က ဒီနေ့မှာ မေးခွန်းထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။
ဒါပေမယ့် အမှုမှာလိုက်ပါဆောင်ရွက်သူ ရှေ့နေတွေ ကို မီဒီယာဖြေဆိုခွင့် ပိတ်ထားတဲ့အတွက် တရားလိုရဲ့ထွက်ဆိုချက် အသေးစိတ်ကိုသိရှိရခြင်းမရှိပါဘူး။
တရားလိုဟာ စစ်ကောင်စီပြန်လည်ဖွဲ့စည်းလိုက်တဲ့အဂတိကော်မရှင်ကအရာရှိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တော့ တရားလို ကျန်းမာရေးအရခွင့်တိုင်ခဲ့တဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။
NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ရေးအတွက် ရဟတ်ယာဉ်တစ်စီးဌားရမ်းခဲ့တာ ၊ ရဟတ်ယာဉ်တစ်စီးဝယ်ယူခဲ့တာရှိပါတယ်။
ရဟတ်ယာဉ် ဌားရမ်း ၊ဝယ်ယူရာမှာ နိုင်ငံအတွက် ဘဏ္ဍာငွေ ထိခိုက်နစ်နာမှုရှိတယ်ဆိုကာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည် ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့ တရားစွဲထားတာဖြစ်ပါတယ်။
