နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများကို လှူဒါန်းနိုင်ရန် ပဒေသာပင် ယူကျူ့ချန်နယ်တွင် တင်ထားသည့် ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုရုပ်ရှင်ကို ၈နာရီအတွင်း ကြည့်ရှုသူ ငါးသိန်းကျော်အထိ ရှိလာသည်။
နိုင်ငံပျောက်သူ ရုပ်ရှင်ကို မေလ ၃၀ရက် နံနက် ၈နာရီတွင် စတင်ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄နာရီအထိ ကြည့်ရှုသူ ငါးသိန်းကျော်ရှိသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်ဒေါင်းနှင့် ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကား ကြည့်ရှုသူများကို ကျေးဇူးတင်ကြောင်း ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က ပြောကြားထားပြီး နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများကို တိုက်ရိုက်လှူဒါန်းမည်ဖြစ်သောကြောင့် ဖေ့စ်ဘွတ်ခ်၌ ဇာတ်ကားကို ပြန်တင်ခြင်းမပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။
“ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး”ဟု သရုပ်ဆောင် ဒေါင်းက ပြောသည်။
ယင်းဇာတ်ကားကြည့်ရှုပြီးသူတိုင်းက ကြိုက်နှစ်သက်ကြောင်းနှင့် မျက်ရည်ကျရကြောင်း ဖေ့စ်ဘွတ်ခ်၌ ပြန်လည်မျှဝေထားကြပြီး ဇာတ်ကားတွင်ပါသည့် “အရှုံးမပေးမချင်း ငါတို့နိုင်တယ်” ဒိုင်ယာလော့ခ်ကိုလည်း ဖေ့စ်ဘွတ်ခ်၌ ရေးသားသူများပြားခဲ့သည်။
အနုပညာရှင်များက မေတ္တာရပ်ခံထားသော်လည်း အချို့သူများက အဆိုပါ ရုပ်ရှင်ကို Download ပြုလုပ်၍ ဖေ့စ်ဘွတ်ခ်တွင်တင်သူများရှိသောကြောင့် Report ပြုလုပ်ခဲ့ရသည့် ဖြစ်စဉ်များလည်းရှိသည်။
ဒါရိုက်တာ ဏကြီး ၊ ဒေါင်း ၊ပိုင်ဖြိုးသုတို့အပါအဝင် ယင်းဇာတ်ကားကိုဖန်တီးထားသူများသည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့် အတူရပ်တည်ခဲ့၍ အာဏာသိမ်းစစ်ကောင်စီက မတရားပုဒ်မတပ်ခဲ့သောကြောင့် မြန်မာနိုင်ငံပြင်ပ၌ ရှောင်တိမ်းနေရသူများဖြစ်သည်။
ယင်းဇာတ်ကားကို နွေဦးဗီဒီယို Application တွင် ဇွန် ၂ ရက်၌ တင်ပေးမည်ဖြစ်သည်။
