အာဏာသိမ်းစစ်အုပ်စု က အမှုပေါင်းများစွာနဲ့ ပုဒ်မတပ်ပြီး မတရားဖမ်းဆီးတရားစွဲခံထားရတဲ့အခြေအနေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေမျိုးတွေက ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ထံ တိုင်ကြားလိုက်တယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို မတရားအမှုဆင် ဖမ်းဆီးထားတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆွေမျိုးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာဖော်ပြထားတာမတွေ့ရပါဘူး။
ဒီနေ့ မေလ ၂၅ ရက်မှာ တိုင်ကြားလိုက်တာဖြစ်ပြီး တိုင်ကြားလိုက်တဲ့အဖွဲ့အစည်းဟာ တရားလက်လွတ်ဖမ်းဆီးမှုတွေအပေါ် စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂအဖွဲ့( UN Working Group on Arbitrary Detention ) ဖြစ်ပါတယ်။
အဲဒီအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်မှာဆိုရင် တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ထားမှုတွေကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံညွှန်းတွေ ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ စုံစမ်းစစ်ဆေးခွင့်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို အာဏာသိမ်းစစ်အုပ်စုဟာ ထောင်ဒဏ် နှစ်ရှည်ချလို့ရအောင် ဒါဇင်နဲ့ချီတဲ့အမှုတွေ နဲ့ တရားစွဲဆိုထားပါတယ်။ အဲဒီအမှုတွေရဲ့ ပြဌာန်းထားတဲ့ပြစ်ဒဏ်အရ ဆို ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချလို့ရတာတွေ့ရပါတယ်။
မနေ့ကတင် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၄ ခုနဲ့စွဲချက်တင်ခဲ့ပါသေးတယ်။
