ပြည်သူကို ဓါးစာခံလုပ်ကာ ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့် ပြည်သူကြား သွေးကွဲအထင်လွဲစေရန်လုပ်ဆောင်ခြင်းဟု အသိပေး
ရန်ကုန်မြို့ရှိ ၃၅ လမ်း(ဘားလမ်း) ကားမှတ်တိုင်ဗုံးပေါက်ကွဲမှုသည် တော်လှန်ရေးကို ပုံဖျက်လိုသူ အကြမ်းဖက်စစ်တပ်၏ အကွက်ဆင်မှုဗျူဟာဖြစ်ပြီး ပြည်သူကို ဓါးစာခံလုပ်ကာ ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့်ပြည်သူကြား သွေးကွဲအထင်လွဲစေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
ထိုသို့လုပ်ရပ်အပေါ် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ ပြင်းထန်စွာ ရှုတ်ချပြီးသေဆုံးသွားသော မိသားစုများနှင့်လည်း ထပ်တူ ဝမ်းနည်းကြောင်း အသိပေးသည်။

“ကျွန်ုပ်တို့ပြည်သူ့တော်လှန်ရေးအင်အားစုများသည် ပြည်သူကို ဘယ်သောအခါမျှ ထိခိုက်နစ်နာအောင် မလုပ်ကြောင်းနဲ့ အပြစ်မဲ့ပြည်သူကို ခေါင်းတည့်တည့်ချိန်ပစ်တာမည်သူတွေဖြစ်ကြောင်း၊ အပြစ်မဲ့ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာမည်သူတွေဖြစ်ကြောင်း ပြည်သူက သိရှိပြီးဖြစ်၍ ယခု ဘတ်စ်ကားမှတ်တိုင်ပေါက်ကွဲမှုအား အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ်အဖွဲ့များကသာ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာသိစေအပ်ပါသည်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အနော်ရထာလမ်းမပေါ်ရှိ ဘားလမ်းမှတ်တိုင်တွင် ယနေ့(မေ ၃၁ ရက်) ညနေ ၃နာရီခွဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး ကားစောင့်နေသည့် ခရီးသည်ပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးကြောင်း စစ်ကောင်စီနှင့်နီးစပ်သောသတင်းရင်းမြစ်များကပြောသည်။
ပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရရှိခဲ့သူများ အနက် နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦး သေဆုံးသွားခြင်းဖြစ်ကြောင်းသိ့ရသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သတ်၍လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)က လုပ်ဆောင်ခြင်းမဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ပြည်သူများက မှတ်ချက်ပြုသည်။

“ကားမှတ်တိုင်မှာဗုံးပေါက်တယ်ဆိုတေ့ာပြည်သူကိုဒုက္ခပေးသတ်နေတဲ့ ပျူ ၊ကြံ့ ၊စစ်ခွေးတွေရဲ့လုပ်ရပ်ပဲ၊PDF တွေလုပ်တယ်ဆိုပီးပုံမှားရိုက်အပြစ်ဖို့တဲ့လုပ်ရပ်တွေ၊ပြည်သူတွေကို ဂျင်းထည့်ဖို့မစဥ်းစားနဲ့ခွေးတွေရေ”ဟု ရန်ကုန်မြို့နေ သူတစ်ဦးက ပြောသည်။
ပြည်သူတစ်ဦးကလည်း “ပျူတွေလက် ချက်လေ။မြို့တော်ခန်းမရှေ့ညနေ ၄ နာရီဆို Nonတွေ (CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ) တန်းစီပြီး ဖယ်ရီစောင့်နေကြတာ။အဲ့မှာဗုံးမခွဲပဲကားဂိတ်မှာလာခွဲတယ်ဆိုတော့ပျူမှမဟုတ်ရင်ဘယ်သူရှိအုံးမလဲ။PDFတွေကပြည်သူထိအောင်တော့ဘယ်တော့မှမလုပ်ဘူး” ဟု ၎င်း၏အမြင်ကိုပြောသည်။
“ကျွန်တော်တို့က ဘယ်တော့မှပြည်သူထိအောင်မလုပ်ဘူးဗျ။ စကစရဲ့လုပ်ရပ်လို့ပဲယူဆပါတယ် ” ဟု ဘားလမ်းပေါက်ကွဲမှုအပေါ် ရန်ကုန်မြို့၌ စစ်ဆင်ရေးများဆောင်ရွက်နေသည့် Yangon Urban Guerrillas-YUG အဖွဲ့က ပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်သည့်နေရာသည် လူစည်ကားသည့် နေရာဖြစ်သောကြောင့် UG များအနေဖြင့် လုံးဝလုပ်မည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီက ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် သွေးခွဲသည့်သဘောဖြင့် လုပ်ဆောင်သည်ဟု မြင်ကြောင်း Special Task Agency of Burma မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကားမှတ်တိုင်မှာ ဒလန်ရှိမယ်၊ပျူစောထီးရှိမယ်။ စစ်ကောင်စီရှိမယ်ဆိုရင်တောင် ပြည်သူတွေအများကြီးရှိတဲ့နေရာမှာ လုံးဝမကစားဘူး။ ဘာကြောင့်လဲဆိုရင် Mission တွေလုပ်တိုင်းပြည်သူတွေကို ထည့်တွက်တယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပေါက်ကွဲမှုဖြစ်သည့်နေရာသည် အစ္စလာမ် ဘာသာဝင်အများစုနေထိုင်သည့်နေရာဖြစ်သောကြောင့် ဘာသာရေးနှင့်မှိုင်းတိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် PDF ၊UG စသည့်အဖွဲ့များအပေါ် ပြည်သူများအထင်မှားစေရန် အဆိုပါဖြစ်ရပ်မျိုးများ ဆက်လက်ပြုလုပ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
“နောက်ဆိုရင် ဒီထက်ပိုဆိုးမလားထင်မိတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းတွေတတ်လာပြီ။ ကျောင်းတွေမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်ပြီး ကျောင်းကားတွေ ကျောင်းသွားတဲ့လမ်းတွေမှာ ဒီကောင်တွေလုပ်ကိုလုပ်ဦးမှာ ။ရန်ကုန်နဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ UG တွေနဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်မှာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကို တိုက်ခိုက်ဖြုတ်ချရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူ၍ စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်နေသော PDF နှင့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များသည် စစ်ကောင်စီ နှင့် ၎င်း၏ထောက်တိုင်များကိုသာ ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိသည်။ စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်ထားချိန်တွင်ပင်ပြည်သူများထိ့ခိုက်နိုင်သော အခြေအနေ ရှိပါက စစ်ဆင်ရေးကို ရပ်ဆိုင်းပစ်လေ့ရှိကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ထုတ်ပြန်လေ့ရှိသည်။
