အကြမ်းဖက်စစ်ကောင်စီတပ်များသည်၎င်းတို့အားကြံ့ကြံ့ခံတော်လှန်နေသော စစ်ကိုင်းတိုင်းတိုင်းရှိ ကျေးရွာများကို အညှိုးတကြီးဖျက်ဆီးနေသည်။ အဆိုပါကျေးရွာများတွင် မင်းကင်းမြို့နယ်ရှိ ဇင်ကလဲကျေးရွာလည်းအပါအဝင်ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီလ ၂၅ ရက်နေ့က မင်းကင်းနယ် ပန်းဆက်ရွာမှတဆင့် သံပေါက်ရွာသို့စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဧပြီလ ၂၆ ရက်နေ့နံနက်စောစောတွင် သံပေါက်၊ လောင်းပြည့်မှတဆင့် ဇင်ကလဲကျေးရွာအားလက်နက်ကြီးငယ်များဖြင့် အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသည်။

ဇင်ကလဲရွာသူရွာသားများ ဘာမှလည်းမသယ်နိုင်မပိုးနိုင်။ ခါးဝတ်ခါးစားဖြင့် ပြေးကြလွှားကြရသည်။ အကြမ်းဖက်စစ်တပ်၏ မီးရှို့မှုကြောင့် ဇင်ကလဲကျေးရွာ ပြည်သူတို့၏ နေအိမ်(၂၀၀)ကျော် မီးလောင်ပျက်စီးခဲ့ပြီးအထက်တန်းကျောင်းခွဲ စာသင်ကျောင်းလည်း မီးလောင်ပျက်စီးခဲ့ရသည်။
မီးများလွန်း၍ ယမန်နေ့ ဧပြီလ ၃ဝ ရက်နေ့အထိ မီးကြွင်းမီးကျန်များအား ငါးရက်တိုင် ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ဟိုဘက်ကနေ မှန်ပြောင်းနဲ့ကြည့်တယ်။ အိမ်တစ်အိမ်ကို ၄ ကြိမ်ဝင်ရှို့တယ်။ မီးခိုးလုံးကြီး ဝုန်းကနဲတက်လာတယ်။ မလောင်လောင်အောင်ရှို့တာ။ နေပူပြင်းတဲ့အချိန် လေတင်ကနေရှို့တာ။ ကျွန်တော်တို့ တော်တော်ရင်နာတယ်။”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဧပရယ်(၂၈)ရက်နေ့က အဆိုပါ ဇင်ကလဲရွာသို့အနီးအနားဒေသခံပြည်သူများ အပါအဝင်
ချင်းတွင်း နွေဦး – တော်လှန်ရေးအင်အားစုနှင့် အခြား တော်လှန်ရေးအဖွဲ့အစည်းများက မီးငြိမ်းသတ်ပေးခဲ့ကြပြီး ဒေသတွင်း ချင်းတွင်းချစ်သူ မီဒီယာ အဖွဲ့သားများက အဆိုပါအကြမ်းဖက်မီးရှို့မှုဖြစ်စဥ်အား ရုပ်သံမှတ်တမ်း တင်ထားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ခံရပြီး ၂ ရက်အကြာတွင်သွားရောက်ရိုက်ကူးခဲ့သည့် ချင်းတွင်းချစ်သူ၏ ရုပ်သံမှတ်တမ်းမှာပင် နေအိမ်ဆုံးရှုံးခဲ့ရသူများ၏ အော်ဟစ်ငိုယိုသံများ ပါဝင်နေခဲ့သည်။
“ကျွန်တော်တို့ဘဝ ခွေးလုံးလုံးဖြစ်သွားပြီ။ နံပါတ်တစ်က ပြန်စရတော့မယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မီးလောင်ပြင်ဖြစ်နေသော နေအိမ်နေရာဟောင်းအားကြည့်ရင်း အမျိုးသမီးတစ်ဦးလည်း ငိုကြွေးနေခဲ့သည်။

“နေပူမရှောင် မိုးရွာမရှောင် လုပ်ထားရတဲ့ ပဲတွေနှမ်းတွေ ဘာတစ်ခုမှ မရှိတော့ပါဘူးတော့။”ဟု ပြောရင်း ဇင်ကလဲရွာသူအမျိုးသမီးကြီးက အားရပါးရငိုပါသည်။
မီးလောင်ပျက်စီးနေသည့်ကိုယ့်နေအိမ်မှ အစအနလေးများကျန်လိုကျန်ငြား ရှာဖွေမွှေနှောက်နေသည့် အမျိုးသမီးတစ်ဦးအား သူ့ရင်သွေးငယ်သားငယ်တစ်ဦးက ငေးကြည့်နေသည်။
“ကျွန်တော်တို့ ဒီအခြေအနေမျိုးပြန်ရောက်ဖို့ နောက်ဆယ်နှစ်ထူထောင် ဒီအခြေအနေမျိုး ပြန်မရောက်နိုင်တော့ဘူး။ ယုတ်မာရိုင်းစိုင်းလွန်းတယ်။ တိုက်ချင်ရင် PDF ကိုရှာတိုက်ပါ။ ပြည်သူတွေကို မနှိပ်စက်ပါနဲ့။ သူတို့ နှိပ်စက်လေလေ PDF တွေက တိုးလေလေပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

နွားတစ်ကောင်ကတော့ မျက်ဝန်းမှ မျက်ရည်များကျရင်း သူ့သခင်နှင့်နေအိမ်ဝင်းကို အပြေးအလွှားရှာနေသည်ကို မြင်တွေ့ရသည်။
မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရပ်တည်ရေးများအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခံစားနေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
“ပြည်သူ့နေအိမ်တွေ မဖျက်ဆီးရပါဘူးဆိုပြီး ဘာလို့ဒီလိုဖျက်ဆီးရတာတဲ့တုန်း။ ဘာလို့နှိပ်စက်ရတာတဲ့တုန်း။”ဟု ဇင်ကလဲရွာသူအမျိုးသမီးတစ်ဦးက ရင်နာနာဖြင့်ပြောသည်။
အကြမ်းဖက်စစ်တပ်သည် နေအိမ်များအပြင် တောင်သူလုပ်ငန်းခွင်၏ မရှိမဖြစ် နွားစာစင်းစက်များ၊ ထွန်စက်များ၊ ပဲခွဲစက်များ၊ မြေပဲမျိုးဆန်များကိုလည်း ရိုက်ချိုးဖျက်ဆီး မီးပုံရှို့သွားခဲ့သည်။
“ပဲမျိုးဆို ၁၂ ပုံးဗျာ တင်းခြောက်ဆယ်။ ပဲမာဆို ၁၅ တင်းလောက်ပါသွားတယ်။ အကုန်လုံးပဲပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇင်ကလဲ ရွာကဲသို့ပင် အကြမ်းထက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများမှာ ဧပြီလအတွင်းမှာပင်ကျေးရွာပေါင်း ဆယ်နှင့်ချီရှိသည်။ ခင်ဦးမြို့နယ်မှ ရွာသာရွာ၊ တပင်ကောင်း(တောင်)ရွာ၊ သံဘိုကျေးရွာ၊ ရွှေဘိုမြို့နယ်မှ ကျားရွာ ၊မကွေးတိုင်းပေါက်မြို့နယ်မှ ကျောက်အိုးရွာ၊လယ်ယာရွာ စသောကျေးရွာပေါင်းမြောက်များစွာမှာစစ်ကောင်စီတပ်၏ မီးလောင်တိုက်သွင်းမှုကိုခံခဲ့ရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခံရသောနေအိမ်ပေါင်း ၁၁,၀၀၀ကျော်ရှိလာကြောင်း မီးလောင်ဖျက်ဆီးခံရသော နေအိမ်အချက်အလက်များကို ပြုစုထုတ်ပြန်ပေးနေသော Data For Myanmarကထုတ်ပြန်သည်။ အချက်အလက်ပြုစုရာတွင် မပြည်စုံ
သဖြင့်ကျန်ခဲ့သော ကျေးရွာများရှိနိုင်သဖြင့် အမှန်တစ်ကယ်တွင် စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သောအရေအတွက်မှာထို့ထက်ပင်များနိုင်ပါသည်။ထိုထဲတွင်အာဏာလုစစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် ခုခံတွန်းလှန်နေသော စစ်ကိုင်းတိုင်းတစ်တိုင်းတည်းမှာပင် နေအိမ်ပေါင်း ၇၅၀၀ ကျော်ကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လေသည်။
အာဏာလုယူထားပြီး ပြည်သူကိုသတ်ကာ ပြည်သူများ၏အိုးအိမ်များဖျက်ဆီးနေသော စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံရသောပြည်သူများကို စာနာကြောင်းစကားတစ်ခွန်းပင်မဟပါ။ ထို့အစားပြည်သူ့နေအိမ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(PDF)များက မီးရှို့ခြင်းဖြစ်သည်ဟုပင် မျက်နှာပြောင်တိုက်၍ လိမ်ညာဝါဒဖြန်ခဲ့သည်။ ပြည်သူများက မိမိတို့နေအိမ်များမည်သူမီးရှို့ဖျက်ဆီးသည်ကိုကိုယ့်တွေမျက်မြင်သိထားကြပြီးဖြစ်၍စစ်ကောင်စီဝါဒဖြန့်မှုမှာအရာမထင်ပါ။
လတ်တလောတွင်ကျောခင်းစရာပင် နေစရာမရှိတော့သော ပြည်သူများ၏ သောကများကိုဖြေဖျောက်ပေးနိုင်ရန်အတွက် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်ရောက်လာရန်လိုပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီလ က မီးရှို့ဖျက်ဆီးခံရသောနေအိမ်များကို ပြည်သူ့အာဏာပြန်ရသည်နှင့်နိုင်ငံတော်ကပြန်ဆောက်ပေးမည်ဟုကတိ့ပြုထားပါသည်။ ပြည်သူ့အောင်ပွဲရသည်နှင့် ဇင်ကလဲရွာ စစ်မိစ္ဆာများမီးလောင်တိုက်သွင်းခဲ့သောကျေးရွာများ ပြာပုံကြားမှ ပြန်လည်စိမ်းလန်းလာပါလိမ့်မည်။
အေးမြနေသည့် ချင်းတွင်းမြစ်ဘေးရှိ ဇင်ကလဲကျေးရွာမှာ နွေခေါင်ခေါင်တွင် ပူလောင်အတိပြီးနေသည်။ ပြာအတိဖုံးလွှမ်းနေသော ဇင်ကလဲရွာကိုကြည့်ရင်း ဒေသခံတစ်ဦးက ယခုလိုပြောပါသည်။
“ကျွန်တော့်အနေနဲ့ပြောရရင် စစ်ကောင်စီကို မသေမချင်းတော်လှန်သွားမှာပဲ။” ။
