▪️ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာ အစီရင် ခံစာ အားရကျေနပ်မှုရှိဟုဆို
စစ်အုပ်စုကြောင့် နေ့စဉ်အသက်စွန့်ပြေးလွှားနေကြရသည့် ပြည်သူများကိုသတိရကာ ပြည်သူတရပ်လုံး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးဆက်လက်ကြိုးစားရန်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို NUG ယာယီသမ္မတက ညွှန်ကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၅၆)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီတွင် ပြုလုပ်ခဲ့ရာ ယင်းသို့ ညွှန်ကြားခြင်းဖြစ်သည်။
“မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းပြည်ကို တည်ဆောက်နေသူများဖြစ်ပြီး ဓမ္မသမားများဖြစ်ကြပါတယ်။ ဓမ္မသားများ ပီပီ လူထုအကျိုးအတွက် အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင် ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။
ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးဆိုင်ရာ အစီရင်ခံစာသည် အားရကျေနပ်မှုရှိ သကဲ့သို့ ပိုမိုကြိုးစားတည်ဆောက်ရမည့် အပိုင်းများစွာလည်းရှိကြောင်း ယာယီသမ္မတက ပြောသည်။
လက်ရှိတော်လှန်ရေးသည် မအောင်မြင်၍မရတော့ဘဲ ပန်းတိုင်အမြန်ရောက်ရန်အတွက် အစွမ်း ကုန်ကြိုးစားရန်နှင့် မိမိကိုယ့်ကို ခွန်အားပေးကြရန် ဒူဝါလရှီးလက ဆိုသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သတင်းအချက်အလက်များ နိုင်ငံ တကာကို ထိရောက်စွာ ရောက်ရှိရန်လိုအပ်ကြောင်းနှင့် တော်လှန်ရေးကို ပြည်တွင်း လက်နက်ကိုင်များ အချင်းချင်း ဖြစ်နေသည်ဟု ပုံဖျက်ထားသော Narrative များဖြင့် နိုင်ငံတကာကို ဖြန့်နေကြသည်ကိုလည်း သတိကြီးကြီးထားရန်လိုအပ်ကြောင်း သတိပေးသည်။
“ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးက ပြည်သူ့အာဏာ ကို မတရားလုယူထားပြီး တစ်နိုင်ငံလုံးကို ဖမ်းဆီး သတ်ဖြတ်၊ ရွာတွေ မီးရှို့လုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်နေရတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေကြရတာဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု၊ ကိုယ့် ပိုင်ဆိုင်မှု၊ သူ့နယ်မြေ၊ ကိုယ့်နယ်မြေဆိုပြီး အငြင်းပွားနေတဲ့ ပြဿနာမဟုတ်သလို အဖွဲ့ (၂) ဖွဲ့ကြားဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ လက်နက်အားကိုးနဲ့ မတရားအာဏာလုယူထားတဲ့ အကြမ်းဖက်စစ်အုပ် စုနဲ့ မတရားမှုကို လက်မခံနိုင်ဘဲ တရားမျှတမှုကို လိုလားတဲ့ ပြည်သူအားလုံးကြား ဖြစ်နေတဲ့ နိုင်ငံ့အရေး ကိစ္စတစ်ခု ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
