ကင်မ်ဟာ မြောက်ကိုရီးယား စစ်တပ် အကြီးအကဲဟောင်း တစ်ဦးဖြစ်တဲ့ ဟွမ်ချိုလ်ဟေးရဲ့ နာရေး အခမ်းအနားကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တက်ရောက်ခဲ့ပါတယ်။ ကင်မ်က ဟွမ်ရဲ့ ရုပ်အလောင်း ထည့်ထားရာ အခေါင်းကို ကိုယ်တိုင် ဝင်ကူထမ်းခဲ့သလို အလောင်း မြေချတဲ့ထိ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
ဟွမ်ဟာ ၂၀၁၁ ခုနှစ်မှာ ကင်မ်ရဲ့ ဖခင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားတဲ့နောက် ကင်မ်ကို အရိုက်အရာ ဆက်ခံနိုင်အောင် လမ်းပြ သွန်သင် ကူညီခဲ့သူ တစ်ယောက်လို့လည်း လူသိများပါတယ်။ ဟွမ်ကွယ်လွန်ချိန်က မြောက်ကိုရီးယား နိုင်ငံအနှံ့မှာ ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေတာတောင် နိုင်ငံတော် ဈာပနအဖြစ် စည်စည်ကားကား ကျင်းပစေဖို့ ကင်မ်က ညွှန်ကြားခဲ့ပါတယ်။
ထူးခြားတာ တစ်ခုက ပြည်တွင်းမှာ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ကိုယ်တိုင် ဦးဆောင်နေတဲ့ ကင်မ်က နှာခေါင်းစည်း မတပ်ဘဲ အခမ်းအနားကို ရောက်လာတာ ဖြစ်ပါတယ်။ KCNA သတင်းဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာလည်း တခြားသူတွေက နှာခေါင်းစည်းကိုယ်စီ ဝတ်ထားပေမယ့် ကင်မ်တစ်ယောက်ပဲ မျက်နှာမှာ ဗလာကျင်းလျက် ဖြစ်နေတာ တွေ့ရပါတယ်။
KCANက ဟွမ်ရဲ့ ခေါင်းတလားကို သယ်ဆောင်လာချိန် ပြုံယမ်းမြို့မှာ စစ်သည်နဲ့ ပြည်သူလူထု အများအပြားက နောက်ဆုံးနှုတ်ဆက် အရိုအသေ ပေးခဲ့ကြကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ ဟွမ်ကို နောက်ဆုံး နှုတ်ဆက်ချိန်မှာ ခေါင်းဆောင်ကြီး ကိုယ်တိုင် မျက်ရည် ကျခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကူးစက်နှုန်းမြန် Omicronမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း အတည်ပြု ကြေညာထားပါတယ်။ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြောက်ကိုရီးယားမှာ ဖျားနာတဲ့ လူနာပေါင်း ၃ သန်းလောက်ထိ ရှိနေပြီး ၇၀ ဝန်းကျင် သေဆုံးကြောင်း သိရပါတယ်။ ဒီကိန်းဂဏန်းတွေရဲ့ မှန်ကန်မှုကို အတည်ပြုဖို့ ခက်နေပေမယ့် မြောက်ကိုရီးယားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေက အခြေခံ အားနည်းလွန်းတာကြောင့် ပြည်တွင်းမှာ အသေအပျောက် အရမ်း များနေနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
