ရုရှားနိုင်ငံ ပိုင်နက်ထဲမှာ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း Su-30 တိုက်လေယာဉ် နှစ်စီးကို ဖောက်ခွဲ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံ တစ်နေရာက လေယာဉ်ကွင်း တစ်ခုထဲ ယူကရိန်း အေးဂျင့်တွေက ခိုးဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကျော်လောက် တန်ဖိုးရှိနိုင်တဲ့ တိုက်လေယာဉ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တာလို့ သိရပါတယ်။
အဲဒီ စစ်ဆင်ရေး အောင်မြင်မှုကို ကြည့်ရင် ယူကရိန်းဟာ နယ်စပ်ကနေ ကီလိုမီတာ ရာပေါင်းများစွာ ကွာဝေးတဲ့ ရုရှားနိုင်ငံ အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်ပြီး မဟာဗျူဟာမြောက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တယ် ဆိုတာကို မြင်သာစေခဲ့ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန (GUR)က ဆိုပါတယ်။
တိုက်လေယာဉ်တွေ ဖျက်ဆီးခံရလို့ မီးလောင်ကျွမ်းနေတယ်ဆိုတဲ့ ဓာတ်ပုံတချို့လည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Su-30တွေကို ဖျက်ဆီးနိုင်ခဲ့ခြင်းက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားရဲ့ လေကြောင်း စစ်ဆင်ရေး စွမ်းရည်ကို သိသာတဲ့ ထိုးနှက်ချက်မျိုး ဖြစ်စေလိမ့်မယ်လို့လည်း GURက ပြောပါတယ်။

Public Service Announcement
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်းရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။ GURရဲ့ အဆိုအရ အေးဂျင့်တွေဟာ ရုရှားနိုင်ငံ အနောက်ပိုင်း၊ လီပတ်စ်ခ်မြို့နားက လေယာဉ်ကွင်း တစ်ခုထဲ ချဉ်းနင်းဝင်ရောက်ပြီး လေယာဉ်ရုံတွေထဲမှာ ရှိနေတဲ့ တိုက်လေယာဉ်တွေကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
အစောပိုင်းတုန်းက SU-30နဲ့ SU-27 တစ်စီးစီကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ GURက ပြောပေမယ့် နောက်တော့ မီးလောင်သွားတဲ့ နှစ်စီးလုံးဟာ SU-30တွေ ဖြစ်တယ်လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးကို ဘယ်လို လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ GURက မထုတ်ပြန်ပါဘူး။
SU-30တွေဟာ ရုရှား လေကြောင်းနည်းပညာ ကုမ္ပဏီ Sukhoiရဲ့ ထုတ်ကုန်တွေဖြစ်ပြီး လေကြောင်းစိုးမိုးရေးနဲ့ တခြား ဘက်စုံသုံး ရည်ရွယ်ချက်တွေအတွက် ထုတ်လုပ်ထားတာပါ။
ယူကရိန်းဟာ အရင်ကလည်း ရုရှားလေတပ်စခန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။ အထင်ရှားဆုံး စစ်ဆင်ရေး တစ်ခုကတော့ နှစ်ဆန်းပိုင်းတုန်းက ရုရှားပိုင်နက်ထဲ ဒရုန်းအစီးရေ ရာနဲ့ချီ ခိုးသွင်းပြီး အဓိကကျတဲ့ လေတပ်စခန်း တချို့ကို တပြိုင်တည်းနီးပါး တိုက်ခိုက်စေခဲ့တဲ့ မစ်ရှင်ဖြစ်ပြီး ရုရှားစစ်သုံးလေယာဉ် ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။
ကိုးကား: Business Insider
ဓာတ်ပုံ – Getty Images

















































