ဒီဇင်ဘာ-၁၁၊၂၀၂၅။အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်က မြောက်ဦးမြို့ဆေးရုံကြီးကို ဗုံးကြဲမှုကြောင့် အကြမ်းဖက်စစ်ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာအထိ နာမည်ကြီးနေတဲ့ စစ်ကောင်စီက ဂွမြို့ကိုလည်း လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဂွမြို့ကို ဒီနေ့ ဒီဇင်ဘာ ၁၁ရက် မနက် ၉ နာရီ ၂၀မိနစ်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာလို့ ရခိုင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လေကြောင်းကနေ ဗုံးမကြဲမီမှာ ပင်လယ်ထဲက ရေတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
” လေကြောင်းကြဲသွားတဲ့ဘက်နဲ့ ကျွန်တော်တို့က ဝေးတယ်။ဘာသတင်းမှ မကြားရသေးဘူး။ အခုရက်ပိုင်းမှာက ဧရာဝတီနဲ့နယ်စပ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ” လို့ ဂွမြို့ကနေစစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။
ဂွမြို့ကို ဗုံးမကြဲမီ ယမန်နေ့ ဒီဇင်ဘာ ၁၀ရက် ည ၉နာရီ ၁၃မိနစ်က မြောက်ဦးမြို့ ဆေးရုံကြီးကို ယစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာမှာ လသားအရွယ်ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် ၃၅ဦး သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူ ၇၄ ဦးအနက် ၂၅ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးကုသနေရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို The Telegraph၊ Aljazeera၊ Bangkok Post၊ The Times of India၊ The Korea Times အပါအဝင် နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
The Telegraph သတင်းဌာနမှာဆိုရင် အငြင်းပွားဖွယ် ရွေးကောက်ပွဲမတိုင်မီမှာ စစ်ကောင်စီက ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်လို့ လူ ၃၀ဦးထက်မနက်သေဆုံးခဲ့တယ်လို့ ခေါင်းစည်းတင်ရေးသားထားပါတယ်။
အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့(APHR)က စစ်ကောင်စီတပ်ကို အကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ဒီနေ့ ထုတ်ပြန်ထားပါတယ်။
မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီတာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလို လက်တုန့်ပြန် သွားမယ်လို့ အာကက္ခတပ်တော်(AA)က ထုတ်ဖော်ပြောကြားထားပါတယ်။
ဂွမြို့ကို ဒီနေ့မနက်ပိုင်းဗုံးကြဲမှုမှာ ထိခိုက်မှုအခြေနေကို မသိရသေးပါဘူး။ ဂွမြို့နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရွေသောင်ယံနဲ့ သာပေါင်းမြို့နယ်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့ကိုတော့ ပြီးခဲ့တဲ့နိုဝင်ဘာ၂၁ရက်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ကလေးတစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရခဲ့ပါတယ်။















































